ကျောက်ဖြူ ဧပြီ ၂၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ယမန်နေ့၊ နေ့လယ်ပိုင်းက မင်းပြင်ကျေးရွာသို့ သွားရောက်၍ တောင်သူအသိပညာပေး ဆွေးနွေးဟောပြောပွဲကို ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးဆွေးနွေးရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ခင်စိုးက တောင် သူများအား "မျိုးကောင်း မျိုးသန့်များပြောင်းလဲစိုက်ပျိုးခြင်း" နှင့် ပတ်သက်၍အားလည်းကောင်း၊ ဒုတိယ ဦးစီးမှူး ဦးသိန်းအောင်က "ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ့်နှင်းခြင်း" အကြောင်းအရာများနှင့် ပတ်သက်၍လည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့သည်။ ယင်းနောက် အဆိုပါဆွေနွေးပွဲသို့ တက်ရောက် လာကြသော တောင်သူများမှလည်း သိရှိလိုသည်များအား မေးမြန်းခဲ့ရာ မြို့နယ်ဦးစီးမှူးနှင့် ဒုတိယဦးစီးမှူးတို့က ပြန်လည် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ဆွေးနွေးပွဲသို့တက်ရောက်လာကြသူများအား ၎င်းဦးစီးဌာနမှဝန်ထမ်းများက တောင်သူ အသိပညာပေးလက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း၊ တင်ထွန်းဦး