တပ်ကုန်း၌ ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စံပြစီမံကိန်းလုပ်ငန်းများအား သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်း ပေးအပ်

တပ်ကုန်း ဧပြီ ၂၇

နေပြည်တော်တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာအုပ်စု၊   အေးချမ်းသာစံပြကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာဆင်းရဲမှုလျော့ချရေးဗဟိုဌာန(IPRCC)တို့ ပူးပေါင်းဆောင်ရွက်ပြီးစီးခဲ့သည့် ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေး စံပြစီမံကိန်းလုပ်ငန်းများအား သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ အဆိုပါကျေးရွာရှိ လူထုဖွံ့ဖြိုးရေးစင်တာတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) လက်ထောက် ညွှန်ကြားရေးမှူး ဦးဉာဏ်ဝင်းပိုင်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှုလျှော့ချရေးဗဟိုဌာန(IPRCC)တို့ ပူးပေါင်း အကောင်အထည် ဖော်ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားပြီး တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တက်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဇာဝေက အေးချမ်းသာစံပြကျေးရွာတွင် ကျေးရွာအဆင့် ဆင်းရဲမှု လျှော့ချရေး စံပြစီမံကိန်းလုပ်ငန်းများအား သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးအပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းတင်ပြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆက်နိုင်ထွန်း၊ ဦးစီးအရာရှိ ဒေါ်နေခြည်ဇာဝေနှင့် တာဝန်ရှိသူများက ကျောင်းစာသင်ဆောင်နှင့် ဆက်စပ်အဆောက်အဦများ၊ ကျောင်းအားကစားကွင်း၊ ကျောင်းစာကြည့်တိုက်၊ ကျောင်းခြံစည်းရိုး၊ ရွာချင်းဆက်လမ်းနှင့် Box Culvert ၊ကျေးရွာဆေးပေးခန်းနှင့် ဆက်စပ်အဆောက်အဦ၊ ကျေးရွာဝက်မွေးမြူရေးခြံနှင့် မျိုးဝက်မများ၊ ယက်ကန်း စက်ရုံနှင့် ဆက်စပ်ပစ္စည်းများ၊ စွန့်ပစ်အမှိုက်စီမံခန့်ခွဲရေးစနစ်အကောင်အထည်ဖော်ရာတွင် လိုအပ်သော ပစ္စည်းများနှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများအား လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်