ညောင်ရွှေ ဧပြီ ၂၇
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူများနှင့် ကြံစိုက်တောင်သူများအား ၂၀၂၁ ခုနှစ် မိုးကြိုကာလ ချေးငွေများထုတ်ချေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ညောင်ရွှေ မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
နွေစပါး တစ်ဧကအတွက် (၁၅၀၀၀၀)နှုန်း၊ ကြံတစ်ဧကအတွက် (၁၀၀၀၀၀)နှုန်းဖြင့် မြို့နယ် အတွင်းရှိ တောင်သူစုစုပေါင်း (၄၅၃)ဦး၊ စပါး(၆၄၅)ဧက၊ ကြံ(၁၄၃၆)ဧက အတွက် စုစုပေါင်း ချေးငွေ ကျပ်သိန်းပေါင်း (၂၁၃၃)ကျော်ကို ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ချေးငွေများအတွက် အတိုးနှုန်းမှာ ချေးငွေ၏(၅)ရာခိုင်နှုန်းဖြစ်ပြီး တောင်သူများ သီးနှံပေါ်လျှင် ချေးငွေကိုပြန်ဆပ်ရမည်ဖြစ်ကြောင်း၊ လာမည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ ချေးငွေကာလ သတ်မှတ်ပေးထားကြောင်း၊ သတ်မှတ်ကာလ ကျော်လွန်ပါက ကျသင့်ဒဏ်တိုးကို ထပ်ဆင့် ပေးသွင်းရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်ကျစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ ညောင်ရွှေမြို့နယ် ဘဏ်ခွဲ တာဝန်ရှိသူထံမှ သိရှိရသည်။
စိုင်းအယ်ဘဲ