တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

တာမွေ ဧပြီ ၂၇

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်အေး၏ ဦးဆောင်စီစဉ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းအချိန်မှစတင်၍ တာမွေမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးနေမှုအခြေအနေများကို မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးအောင်ကျော်အေးနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ အားပေးစကား ပြောကြားခဲ့သည်။

 ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (COVISHIELD)ကို ပထမအကြိမ်အဖြစ် ၂၀၂၁-ခုနှစ် မတ်လ(၂၄)နေ့မှ မတ်လ(၂၆)ရက်နေ့အထိ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ထိုးနှံပေးခဲ့ပြီး ယခု ဒုတိယ အကြိမ်အဖြစ် ၂၀၂၁-ခုနှစ် ဧပြီလ(၂၇)နေ့မှ ဧပြီလ(၃၀)ရက်နေ့အထိ (၄)ရက်ကြာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံကြ သူများအား မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင် များက လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)