ကျောက်ဆည်မြို့နယ်တွင် ခရမ်းချဉ်စိုက်တောင်သူများ ဈေးကောင်းရသဖြင့် မိသားစုများ အဆင်ပြေ

ကျောက်ဆည်  ဧပြီ  ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ခရမ်းချဉ်စိုက်တောင်သူများ ယခုအချိန်တွင် ဈေးကောင်းရသဖြင့် စီးပွားရေး အဆင်ပြေလျှက်ရှိကြောင်းနှင့် ခရမ်းချဉ်ပင်သည် စီးပွားဖြစ် စိုက်ပျိုးပါက စတင်ပျိုးထောင်သည့်အချိန်မှ စတင်ပြီး ပြောင်းရွေ့စိုက်ပျိုးခူးဆွတ်ရောင်းချိန်အထိ အမြဲ ဂရုစိုက်ရသည့် အပင်အမျိုးအစားဖြစ်ကြောင်း စိုက်ပျိုးမြေ အမျိုးအစားအလိုက် ရာသီဥတုအခြေ အနေပေါ် မူတည်၍ ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့် ပိုးမွှားနှိမ်နင်း ဆေးများ ဖျန်းပေးရကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် ခရမ်းချဉ်စိုက်ပျိုးရာတွင် စီးပွားဖြစ် ခရမ်းချဉ်ပင်များ သီးသန့်စိုက်ပျိုးမှုများ ရှိသကဲ့သို့ ကြက်သွန်စိုက်ခင်းများတွင် သီးညှပ်အဖြစ် စိုက်ပျိုးမှု များလည်းရှိကြောင်း သိရှိရကာ စီးပွားဖြစ် စိုက်ပျိုးသူများအနေဖြင့် ပံတစ်ဆိပ် တစ်သုံးလုံး ခရမ်းချဉ်မျိုးများ စိုက်ပျိုးကြကြောင်း သိရှိရသည်။

ပံတံဆိပ်တစ်သုံးလုံးခရမ်းချဉ်မျိုးသည် တိုင်ထောင်စိုက်ပျိုးရသော အခွံထူ အထားခံ ခရမ်းချဉ်မျိုးဖြစ်ပြီး မစိုက်ပျိုးမီ သာဘာဝမြေဩဇာများဖြစ်သည့် နွားချေး(သိုမဟုတ်) ကွန်ပေါင်းဓာတ်မြေဩဇာများနှင့် မြေကို ထယ်ရေးညက်စွာ ပြုပြင်ထားရပြီး ရေသွင်းရေထုတ်ကောင်းမွန်စေရန်အတွက် ဘောင်များပြုလုပ်ကာ ရေအလေအလွင့်နည်းပါးစေရန်နှင့် ပေါင်းမြက်ပင်များ ပေါက်ရောက်မှု သက်သာစေရန်အတွက် ပလပ်စတစ် အပါးများခင်း၍ စိုက်ပျိုးပါက အပင်ဖြစ်ထွန်းမှုကောင်းပြီး အသီးထွက်နှုန်းကောင်းမွန်ကြောင်း၊ ရှားပင်ကျေးရွာမှ ခရမ်းချဉ်စိုက်တောင်သူ ဦးအောင်ကျော်မိုးက ပြောပြသည်။ ပံတစ်သုံးလုံးခရမ်းချဉ်မျိုး(၂)ထုပ် စိုက်ပျိုးပါက ငွေကျပ်(၆)သိန်းခန့် ကုန်ကျကြောင်း ပျိုးထောင်ပြောင်းရွေ့ စိုက်ပျိုးပြီး (၄၅)ရက်တွင် အသီးများ စတင်ခူးဆွတ်ရကြောင်း၊ အသီးစတင် ခူးဆွတ်ရာတွင် ပိဿာချိန်နည်းသော်လည်း အသီးလှိုင်ချိန်တွင် ကုန်ချိန်ပိဿာ(၁၅၀)အထိ ခူးဆွတ်ရကြောင်း၊ (၂)ရက်ခြား တစ်ကြိမ်ခူးဆွတ်ရပြီး ယခုအချိန်တွင် ခရမ်းချဉ်စိုက် တောင်သူအနေဖြင့် နေ့စဉ်နီးပါး ဝင်ငွေရကြောင်း၊ အခုအချိန်တွင် ခရမ်းချဉ်တစ်ပိဿာ ငွေကျပ်(၁၃၀၀)ကျပ် ရောင်းရသဖြင့် ခရမ်းချဉ်စိုက် တောင်သူများ စီးပွားရေးတွက်ခြေ ကိုက်လျှက်ရှိကြောင်း ဦးကျော်မိုးက ဆက်လက် ပြောပြသည်။

သက်မောင်(ကျောက်ဆည်)