နေပြည်တော်ကောင်စီ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဧပြီ ၂၆

နေပြည်တော်ကောင်စီ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် က အဖွင့်အမှာစကားပြောကြားရာတွင်  “နေပြည်တော်ကောင်စီနယ်မြေအတွင်း ကိုဗစ်-၁၉ ရောဂါ တစ်ကျော့ပြန်မဖြစ်ပေါ်စေရေးအတွက် လိုအပ်သည်များကို ကြိုတင်စီစဉ်ဆောင်ရွက်ထားကြရန်လိုကြောင်း၊ လက်ရှိအချိန်တွင် အိမ်နီးချင်းနိုင်ငံများမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမြင့်တက်လာတာကိုလည်း တွေ့နေရပါကြောင်း၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် Quarantine Centre များကိုလည်း လိုအပ်တဲ့အချိန်မှာ အဆင်သင့်အသုံးပြုဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ထားရှိရန်လိုအပ်ပါကြောင်း’’ ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် စီမံဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် နေပြည်တော်ကောင်စီ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် စီစဉ် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ဇော်မင်းလွင်(ခရိုင်၊ပြန်/ဆက်)