ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးငွေများ ပေးအပ်

ကျိုင်းတုံ ဧပြီ  ၂၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း) အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ထောက်ပံ့ကြေးငွေများ ပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီ က ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း က အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် တြိဂံ‌ဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းတို့က ကျိုင်းတုံခရိုင်အတွင်းရှိ ကျိုင်းတုံဘိုးဘွားရိပ်သာအတွက် (၃၀ ဒသမ ၈၇)သိန်းနှင့် စိန်မေရီမသန်စွမ်းဂေဟာအတွက် (၁၆ ဒသမ ၂) သိန်းကိုလည်းကောင်း၊ တာချီလိတ်ခရိုင်အတွင်းရှိ ရွှေတောင်တန်းလူငယ်ပရဟိတဂေဟာ အတွက် (၁၉၄ ဒသမ ၀၄)သိန်း၊ အောင်မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၁၈၀ ဒသမ ၈၁)သိန်း၊ ပြည့်စုံသက်သာပရဟိတဂေဟာအတွက် (၄၀ ဒသမ ၅)သိန်းနှင့် တာချီလိတ်ဘိုးဘွားရိပ်သာအတွက် (၃၈ ဒသမ ၂၂)သိန်းကို လည်းကောင်း စုစုပေါင်းထောက်ပံ့ငွေကျပ် (၅၀၀ ဒသမ ၆၄)သိန်းအား ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဂေဟာအုပ်ချုပ်ရေးမှူးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)