ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ တွေ့ဆုံ

ကျိုင်းတုံ ဧပြီ ၂၆

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း တြိဂံဒေသတိုင်း တိုင်းမှူး၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာပြည်နယ်အဆင့် တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက် (၈)နာရီအချိန် က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ် ခေမရဌ်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ဆရာ၊ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံကြောင်း သိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း က ကျိုင်းတုံတက္ကသိုလ်ကို လာရောက်တွေ့ဆုံရခြင်းမှာ တက္ကသိုလ်၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးရန်နှင့် ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်နေမှုကို လာရောက်ကြည့်ရှုရန်ဖြစ်ကြောင်း၊  ကျိုင်းတုံတက္ကသိုလ်ရှိ ကျောင်းသား/ သူများသည် စည်းကမ်းရှိမှုကို တွေ့ရပါကြောင်း၊ အထူးမှာကြားလိုသည်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မှာကြားချက်တွင် ဝန်ထမ်းများအလုပ်ကြိုးစားပါက ရာထူးအဆင့်တန်း ခံစားခွင့်များကိုချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်ပညာရေးကဏ္ဍတွင် ဘတ်ဂျက်များဖြတ်တောက်ခြင်းမရှိကြောင်း၊ မကြာခင် ကျောင်းများပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ လိုအပ်ချက်များရှိပါက တင်ပြရန်နှင့် ပါမောက္ခချုပ်နှင့် ဝန်ထမ်းများစည်းလုံးညီညွှတ်မှုရှိသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ တြိဂံဒေသတိုင်း တိုင်းမှူးက အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ တက္ကသိုလ်ရှိ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများအား ကြက်ဥ၊ဆီ၊တို့ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်း တိုင်းမှူးတို့မှ ထောက်ပံ့ပေးအပ်ရာ ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ဒေါ်စမ်းစမ်း က လက်ခံရယူပြီး တက္ကသိုလ်၏ လိုအပ်ချက်များနှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တြိဂံဒေသတိုင်း တိုင်းမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် ကျိုင်းတုံ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူတစ်ဦး မှ ရှင်းလင်းကြောင်း သိရသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တြိဂံဒေသတိုင်း တိုင်းမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် ကျိုင်းတုံမြို့၏ ပထမဆုံးနိုင်ငံတကာအဆင့်မှီ နောင်တုံအဆင့်မြင့် HYPER MARKET ဈေးတည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တြိဂံဒေသတိုင်း တိုင်းမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူတို့သည် ကျိုင်းတုံမြို့နယ်၊ လွယ်မွေကျေးရွာ အုပ်စုပန်ဝိုင်(အောက်) ကျေးရွာရှိ ဦးဝေါလ်တာ စိုက်ပျိုးထားသည့် လက်ဖက်ခြံသို့ သွားရောက်ကာ လက်ဘက်ခြောက်ပြုလုပ်ပုံအဆင့်ဆင့် ကြည့်ရှုအားပေးပြီး ကုန်းမြင့်လယ်ယာမြေဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ကုန်းမြင့်လယ်ယာထုတ်ဖော်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြီး လွယ်မွေကျေးရွာအုပ်စုရှိ ပန်ဝိုင်(အောက်)၊ ပန်ဝိုင်(အထက်) ခွန်ဆိုင်းကျေးရွာရှိ ဒေသခံပြည်သူများမှ လျှပ်စစ်မီး၊ လမ်း၊ လယ်ယာမြေပုံစံခွန်၊ ရေရှိရေးကိစ္စရပ်များ တင်ပြတောင်းဆိုကြပြီး လွယ်မွေတောင်တန်း နှစ်(၁၀၀)အိမ်သို့ သွားရောက်ကြည့်ရှုကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)