ရန်ကုန် ဧပြီ ၂၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီးတွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အဆိုပါ အထွေထွေရောဝါကုဆေးရုံကြီး အစည်းအဝေးခန်းမ၌ အခမဲ့ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်- (၁၉) ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးရာသို့ ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) အထွေထွေရောဂါကုဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ ချိုချိုလွင်နှင့် တာဝန်ရှိသူများက အနီးကပ် ကြီးကြပ်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံကြသူများ အဆင်ပြေချောမွေ့စေရန်အတွက် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ လူမှုအဖွဲ့များက ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်အဖြစ် အသက်အရွယ်ကြီးသူများ၊ အသက် (၅၀) နှစ်အထက်နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများအား ထိုးနှံပေးခဲ့ပြီး ယခု ဒုတိယအကြိမ် ကာကွယ် ဆေးထိုးနှံပေးခြင်းအား ဧပြီ ၂၁ ရက်နေ့မှစတင်ကာ ၂၉ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သန်လျင်မြို့နယ် အထွေထွေ ရောဂါကုဆေးရုံကြီး တာဝန်ရှိသူထံမှ သိရသည်။
သန်လျင်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်- (၁၉) ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး သော်လည်း ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် နေအိမ်ပြင်ပ ထွက်ခွာသွားလာတိုင်း ပါးစပ် နှာခေါင်းစည်း Mask မဖြစ်မနေတပ်ဆင်ရန်၊ လူစူလူဝေးရှောင်ရှားပြီး တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၆ ပေအကွာ နေထိုင်ကြရန်၊ မည်သည့်အရာကိုမဆို ကိုင်တွယ်ပြီးပါက မကြာခဏ လက်အား ဆပ်ပြာ၊ ရေတို့ဖြင့် ဆေးကြောကြရန်နှင့် ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း လိုက်နာနေထိုင်ကြရန် လိုအပ်ကြောင်းသက်ဆိုင်ရာမှ သိရသည်။
သက်ခိုင် (သန်လျင်)