သန်လျင်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ကွန်ကရစ်လမ်းခင်းနေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန် ဧပြီ ၂၆

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ကွန်ကရစ်လမ်းခင်းနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး  ဒေါ်ခင်နှင်းချိုနှင့် တာဝန်ရှိသူများသည် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းအရ သန်လျင်မြို့နယ် ဒေးဇတ် ကျေးရွာအုပ်စု၊ ဥယျာဉ်ကုန်းကျေးရွာ၌  နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း (၁၀၀)ဖြင့် အောင်ချမ်းသာလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးကာ  လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရ သည်။

အဆိုပါ သန်လျင်မြို့နယ် ဒေးဇတ်ကျေးရွာအုပ်စု၊ ဥယျဥ်ကုန်းကျေးရွာ အောင်ချမ်းသာ ကွန်ကရစ်လမ်းကြီးမှာ အရှည် ၇၂၀ ပေ၊ အကျယ် ၈ ပေနှင့် အမြင့် ၆ လက်မရှိပြီး လမ်းမကြီးပြီးစီးပါက ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေးနှင့် သွားလာမှုများအဆင်ပြေကာ ကျန်းမာရေး၊ လူမှုရေး၊ စီပွားရေးများ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။ ​

သက်ခိုင် (သန်လျင်)