ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ငှက်ပျောများ ထွက်သလောက် ရောင်းချနေရ

ကျောက်ပန်းတောင်း ဧပြီ ၂၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင် ပတ်ဝန်းကျင် ကျေးရွာများမှ ထွက်ရှိသည့် ငှက်ပျောသီးမျိုးစုံ ထွက်သလောက် ရောင်းကုန်နေကြောင်း လျှော်တော ကျေးရွာ ငှက်ပျောစိုက်တောင်သူ ဦးညိုမောင်ထံက သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် ဆင် ဆင်းကျေးရွာ၊ နဂါးလည်၊ လျှော်တော၊ ဆည်၊ ဆည်းမ၊ ဘိုတဲ၊ လွန်အိုင်၊ ကျောက်ခွက်၊ သင်ပေါင်း ကျေးရွာများသည် ငှက်ပျောအမျိုးမျိုး စိုက်ပျိုးကြပြီး ထွက်ရှိလာသည့် ငှက်ပျောများကို ကျောက်ပန်းတောင်းမြို့၊ မိတ္ထီလာ၊ ညောင်ဦး၊ မြင်းခြံ၊ ငါ့သရောက်၊ ပခုက္ကူ၊ တောင်ဇင်း ဗျတ္တပန်းဆက်ဈေးများသို့ သွားရောက်ရောင်းချခြင်း၊ ငှက်ပျော်ပွဲစားများမှ ခြံအထိလာရောက် ဝယ်ယူကြခြင်းများကြောင့် စိုက်ပျိုးသည့် ငှက်ပျောများ ထွက်သလောက် ရောင်းချနေရကြောင်း ဆင်ဆင်းကျေးရွာ ငှက်ပျောစိုက်တောင်သူ ဒေါ်ချိုချိုဝင်းက ရှင်းပြသည်။

ပုပ္ပားတောင် ပတ်ဝန်းကျင် ကျေးရွာများသည် ဖီးကြမ်းငှက်ပျော၊ သီးမွှေးငှက်ပျော၊ ငှက်ပျောချဉ်၊ ရခိုင်ငှက်ပျော၊ ရွှေနီငှက်ပျော်တို့အား စိုက်ပျိုးကြပြီး ဖီးကြမ်းငှက်ပျောနှင့် ရခိုင်ငှက်ပျောတို့ကို အရင်တည်းက စိုက်ပျိုးခဲ့ကြကာ ရွှေနီ၊ သီးမွှေး၊ ငှက်ပျောချဉ်တို့အား ဈေးကွက်အခြေအနေအရ စိုက်ပျိုး လာခဲ့ကြောင်း၊ ထွက်ရှိလာသည့် ဖီးကြမ်းငှက်ပျောနှင့် ရခိုင်ငှက်ပျောများ အဖီးနှင့်သီးလုံးထွားမှုပေါ် မူတည်ကာ တစ်ဖီးခြင်းဈေး၊ တစ်ခိုင်လုံးဈေးဖြင့် ရောင်းချကြကြောင်း သိရသည်။

ပုပ္ပားတောင် ပတ်ဝန်းကျင် ကျေးရွာများမှ ထွက်ရှိသည့် ငှက်ပျောများကို သဘာဝအတိုင်း စိုက်ပျိုးခြင်းများကြောင့်၊ ဓာတုကင်းလွတ် ငှက်ပျောများ ဟု လူသိများကာ ငှက်ပျောထွက်သလောက် ရောင်းချနေရကြောင်းလည်း ငှက်ပျောခြံ ပိုင်ရှင်များက ရှင်းပြ၍ သိရကာ ငှက်ပျောမျိုးစုံ ထွက်သလောက် ရောင်းချနေရကြောင်းလည်း သိရသည်။

ကိုထိန်၊KPD