ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ကျောက်တန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကျောက်တန်း ဧပြီ ၂၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးခန့်ဇော်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးကျော်လင်းသန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက  ကျောက်တန်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တာဝန်ရှိသူများသည် ကန်ပြောင်ကျေးရွာ (၄ ၆၄၀’) စက်ရေတွင်း တူးဖော်ခြင်း၊ စင်မြင့်ရေစင်နှင့် ရေစက်ရုံ တည်ဆောက်နေခြင်း လုပ်ငန်းများအားလည်းကောင်း၊ နရွဲချောင်- ဘိုးဘ- မုဆိုးဆိပ်ကျေးရွာ ကုန်ထုတ် မြေသားလမ်း ဖောက်လုပ်ခြင်း(၂/၄.၄ မိုင်x ၁၂’x၂’)နှင့် Box Culvert (၇) စင်း တည်ဆောက်ခြင်းလုပ်ငန်းများ အားလည်းကောင်း၊ ဇွဲကနာကျေးရွာ မြေသားရေကန်တူးဖော်ခြင်းနှင့် ရေကန်အနက်နှိုက်ခြင်း လုပ်ငန်းများအား လည်းကောင်း  ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် Burno Mars Co.Ltd မှ တာဝန်ခံ အင်ဂျင်နီယာနှင့် မြို့နယ်အင်ဂျင်နီယာများက လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ်က စံချိန်စံညွှန်း ပြည့်မီရေးနှင့် ကျေးရွာပြည်သူများ အကျိုးရှိရှိ အသုံးပြုနိုင်ရေး အလေးထားဆောင်ရွက်သွားကြရန် လမ်းညွှန်မှာ ကြားပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့သည် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းနှင့် ပတ်သက်၍ ကျေးရွာ ကော်မတီဝင်များနှင့် တွေ့ဆုံကာ  မြစိမ်းရောင်စီမံကိန်းသည် မိမိတို့ကိုယ်တိုင် ဦးဆောင်အကောင်အထည်ဖော် ဆောင်ရွက်ရသော လုပ်ငန်းဖြစ်ပါကြောင်း၊ ကျေးရွာပြည်သူလူထုအတွက် အတိုးနှုန်းသက်သာစွာ အသုံးပြုနိုင်ရေး၊ ရရှိလာသောအတိုးနှုန်းဖြင့် မိမိတို့ကျေးရွာဖွံ့ဖြိုးရေးအတွက် လုပ်ငန်းများ ရွေးချယ်အကောင်အထည်ဖော်နိုင်ရေး လမ်းညွှန်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ကျေးရွာတွေမှာ ရေကန်တွေတူးပေးတယ်၊ ကုန်ထုတ်လမ်း‌တွေဖောက်ပေးတယ်၊ အဲလိုတွေ ဆောင်ရွက်ပေးလို့ နွေရာသီမှာ သောက်သုံးရေပြတ်လပ်မှု တွေမရှိတော့ဘူး၊ ကုန်ထုတ်လုပ်ငန်းတွေလည်း ရာသီ မရွေး လွယ်ကူစွာ သွားလာနိုင်လို့ လူမှုစီးပွားဘဝတွေလည်း တိုးတက်လာပါတယ်လို့” ဒေသခံတစ်ဦးက ပြောကြား သည်။ ကျောက်တန်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကုန်ထုတ်လမ်း(၁)လမ်း၊ Box Culvert (၇)စင်း၊ စက်ရေတွင်းနှင့် စင်မြင့်ရေစင်(၂)တွင်း၊ မြေသားရေကန်တူးဖော်ခြင်း(၂)ကန်၊ မြေသားရေကန် အနက် နှိုက်ခြင်း (၂၀)ကန်၊ ရေကန်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်း(၇) ခုနှင့် ရေသန့်စင်စနစ်တည်ဆောက်ခြင်းလုပ်ငန်း(၁) ခု ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ခင်ဆွေဝင်း  (ကျောက်တန်း)