မူဆယ် ဧပြီ ၂၆
မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက် ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် (၉)နာရီအချိန်တွင် မြို့နယ်ပြည်သူ့ဆေးရုံ ကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံသည့်လုပ်ငန်းကို ဧပြီလ (၈)ရက်နေ့မှ (၂၉)ရက်နေ့အထိ ရုံးပိတ်ရက်များမှအပ နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၃)နာရီအထိ ဆောင်ရွက်ပေးလျက်ရှိပြီး ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို မတ်လအတွင်းဆောင်ရွက်ခဲ့ရာ လူဦးရေ စုစုပေါင်း (၇၄၃၃)ဦး ကိုထိုးနှံပေးခဲ့ပြီးကြောင်းနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးကို ယနေ့ထိ (၂၈၁၆)ဦးထိုးနှံ ပေးနိုင်ခဲ့ကြောင်း သိရသည်။
မူဆယ်မြို့နယ်အတွင်းရှိ မုံးကိုးမြို့နှင့် ပန်ဆိုင်း(ကြူကုတ်)မြို့များသို့ နယ်လှည့်ဆေး ကုသရေးအဖွဲ့များမှ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို သွားရောက်ထိုးနှံပေးလျက်ရှိ ကြောင်းနှင့် မန့်ဟီးရိုးမြို့ရှိ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများကို မူဆယ်မြို့၊ ပြည်သူ့ဆေးရုံတွင် လာရောက်ထိုးနှံကြရန် နှိုးဆော်ထားကြောင်းကိုလည်း သိရှိရသည်။
မူဆယ်မြို့နယ်အတွင်းသို့ COVID Shield ကာကွယ်ဆေးလုံးပေါင်း (၇၂၈)လုံး ခွဲဝေရရှိသဖြင့် ဒေသခံပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပြည်သူ့ဆေးရုံးကြီးတွင် လာရောက်ထိုးနှံသင့်ပါကြောင်း မြို့နယ်ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ကုသရေးအဖွဲ့မှ နှိုးဆော်တိုက်တွန်းလျက်ရှိကြောင်း သိရသည်။
အယ်လ်စိုး(ပြန်/ဆက်)