မြောက်ဦးမြို့၌ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများအား ဆေးရုံအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိ

မြောက်ဦး ဧပြီ ၂၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့်မြို့နယ်အဆင့်ဌာန ဆိုင်ရာများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအား ဒုတိယအကြိမ်အဖြစ် ဆေးရုံအခြေပြု စတင်ထိုးနှံခြင်းအား ယနေ့ နံနက် ၈ နာရီက ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးရုံးတွင် စုရပ်အဖြစ် ကျန်းမာရေးဝန်ထမ်းများက စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ် စတင်ထိုးနှံပေးလျက်ရှိရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်မောင်သန်းဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် ခရိုင်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအား ဆေးထိုးနှံခြင်းမပြုမည် ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်စစ်ဆေးတိုင်းတာပေးခြင်းများနှင့် ပုံမှန်အနေအထားရောက်ရှိ မှသာ စနစ်တကျကာကွယ်ဆေးစတင်ထိုးနှံပေးပြီး ဆေးထိုးနှံပြီးသူများကို မိနစ် ၃၀ ခန့်အနားယူ စေကာလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ပြီး မြောက်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးပထမအကြိမ် စတင်ထိုး နှံပေးခြင်းကို မတ်လ ၁၃ ရက်နေ့မှစ၍ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအား ထိုးနှံပေးထားပြီးဖြစ်သည်။ ဆက်လက်၍ ယနေ့ နံနက်ပိုင်းမှစတင်ပြီး ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဒုတိယအကြိမ် စတင်ထိုးနှံ ပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးအား တစ်နေ့လျှင်နံနက်ပိုင်းတစ်ကြိမ်နှင့်ညနေပိုင်းတစ်ကြိမ် နှုန်းဖြင့် နှစ်ပိုင်းခွဲ၍ ထိုးနှံပေးလျက်ရှိပြီး ကျန်ရှိနေသေးသော ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာ ရုံးများမှ ဝန်ထမ်းများကိုလည်း ဧပြီလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့ထိ ၃ ရက်ကြာ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ် ကြောင်းသိရှိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)