မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပါဝင်ဆောင်ရွက်ပေးသည့် ကျန်းမာရေး ဝန်ထမ်းများအား ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်ပွဲကျင်းပ

မိုင်းဆတ် ဧပြီ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပါဝင်ဆောင်ရွက် ပေးသည့် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နံနက်(၉)နာရီက မြို့နယ် ပြည်သူဆေးရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး သော်ဇင်ဦးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရရှိမှု၊ သိုလှောင် ထားရှိမှု၊ ဒေသခံပြည်သူများအား ကာကွယ်ဆေးထိုးနှံပြီးစီးမှု၊ အိမ်နီးချင်းနိုင်ငံများ၌ ကိုဗစ်-၁၉ တတိယ လှိုင်း ဖြစ်ပွားနေမှုများနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားသည်။

ထို့နောက် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး သော်ဇင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အလှူရှင်ဦးကျဟယ်နှင့် တာဝန်ရှိသူတို့ က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သည့် ကျန်းမာရေးဝန်ထမ်း (၁၁)ဦး၊ တပ်မတော် ဆရာဝန်နှင့် သူနာပြု(၁၅)ဦးတို့အား တစ်ဦးလျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့် ဂုဏ်ပြု ထောက်ပံ့ငွေများ ပေးအပ်ခဲ့ ကြပြီး ဂုဏ်ပြုထောက်ပံ့ငွေရရှိသူများကိုယ်စား ကျန်းမာရေးဝန်ထမ်း ဒေါ်ဇင်မာဌေးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့သည်။

မိုင်းဆတ်မြို့နယ်တွင် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်း(၃၈၅၀)ဦးတို့အား ပထမအကြိမ်နှင့် ဒုတိယ အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)