တွံတေးမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

တွံတေး ဧပြီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော် ခြောက်ဆူကိန်းဝပ်တော်မူသော မေရုဒကုန်းတော်ပေါ်ရှိ ရှေးဟောင်းသမိုင်း ဝင် ဆံကေသာဓာတုရွှေဆံတော်စေတီတော်မြတ်ကြီးအား ရဟန်းရှင်၊ လူပြည်သူအများ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်စေ ရန်အတွက် တွံတေးမြို့နယ် ဌာနဆိုင်ရာများ စုပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယနေ့ နံနက် ၇ နာရီက အဆိုပါစေတီတော် မြတ်ကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တပ်မတော်သားများ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ မြို့ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ရပ်ကွက်နေ ပြည်သူများ စုစုပေါင်းအင်အား (၂၀၀)ဦးခန့်တို့က ရွှေဆံတော် စေတီတော် မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်များ ရောင်တော်ဖွင့်ခြင်း၊ ရေသပ်ပယ်ခြင်း ရင်ပြင်တော် သန့်ရှင်းခြင်းနှင့် ခြေတော်ရင်းရှိ မြက်များ၊ချုံနွယ်များ စုပေါင်းသန့်ရှင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေဆံတော်စေတီတော်မြတ်ကြီးသည် မြန်မာတစ်နိုင်ငံလုံးတွင် စတုတ္ထအမြင့်ဆုံး စေတီတစ်ဆူဖြစ်ပြီး ဉာဏ်တော်အမြင့် (၂၅၀) ပေ၊ ပင်လယ်ရေပြင်အထက် အမြင့် ၈၆.၃၅၆ ပေမြင့်ပြီး စေတီတော် ရင်ပြင်အကျယ်မှာ (၄.၄၇) ဧကရှိသည်။ အဆိုပါ စေတီတော်မြတ်ကြီးသည် ရှေးနှစ်ပေါင်း (၂၅၀၀) ကျော်က တည်းထားခဲ့ကြောင်းလည်း သိရှိရသည်။

မျိုးလှိုင် (တွံတေး)