နေပြည်တော် ဧပြီ -၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဒေသအတွင်းရှိ စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်စေရန်၊ လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်စေရန်၊ စက်မှုလုပ်ငန်း ရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများအား တတ်အား သရွေ့ ကူညီပေးနိုင်ရေးတို့အတွက် ရည်ရွယ်၍ စက်မှု/စီးပွားရေးလုပ်ငန်းရှင် များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က နိုင်ငံတော်၏ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ Stakeholder များ ပါဝင်ကာ နည်းလမ်းကောင်းများ ဖော်ထုတ် ဆွေးနွေး၍ အမျိုးသားစက်မှုဖွံ့ဖြိုးမှု မူဝါဒတစ်ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နေ ချိန်ဖြစ်ပါကြောင်း၊ စက်မှုကဏ္ဍတွင် ကျင့်သုံးနေသော မူဝါဒများအား ခေတ်နှင့်အညီ ပြဋ္ဌာန်းဆောင်ရွက်ခြင်း၊ လက်ရှိကျင့်သုံးနေသည့် မူဝါဒများ၊ ဥပဒေစည်းမျဉ်း စည်းကမ်းများအား ခေတ်စနစ်နှင့်အညီညွတ်မှု ရှိ/မရှိ ပြန်လည်သုံးသပ်၍ လိုအပ်သလို ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားရန်၊ လက်ရှိစက်ရုံအလုပ်ရုံများ၏ ကုန်ထုတ် လုပ်မှုအခြေအနေကို ပြန်လည်သုံးသပ်၍ ကုန်ထုတ်လုပ်မှုနှင့် စီမံအုပ်ချုပ်မှု စနစ်များအား ခေတ်နှင့်အညီ လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုကို အားပေးအားမြှောက် ဆောင်ရွက်ရန်၊ နည်းပညာကောင်းများ ရရှိရန်၊ နည်းလမ်းရှာဖွေရန် လိုအပ်ခြင်း၊ စီးပွားရေးဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရေးအတွက် အားပေးရန်လိုအပ် သကဲ့သို့ ဘဏ္ဍာရေးစနစ်၊ ငွေကြေးစနစ်၊ အခွန်ကောက်စနစ်၊ ထောက်ပံ့ပို့ဆောင်ရေးစနစ် စသည်တို့အား ပြန်လည်သုံးသပ်၍ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်၊ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ ဈေးကွက် တွင် စံနှုန်းမီယှဉ်ပြိုင် နိုင်ခြင်းရှိစေရန်၊ ဈေးကွက်တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရန်၊ စက်မှုကဏ္ဍဖွံ့ဖြိုး ရေးကို အထောက်အကူဖြစ်စေမည့် ပွင့်လင်းမြင်သာ မှုရှိသော အဖွဲ့အစည်းများနှင့် စည်းမျဉ်းစည်းကမ်းများရှိရန် လိုအပ်ပါကြောင်း၊ ဈေးကွက်ရရှိနိုင်မှု အလားအလာကောင်း များရှိသည့် စီးပွား ရေးလုပ်ငန်းများ ဖော်ဆောင်ပေး နိုင်ခြင်း၊ နည်းပညာရရှိမှု ပံ့ပိုးကူညီပေးနိုင်ခြင်းနှင့် ငွေကြေးထောက်ပံ့မှုများ စဉ်ဆက် မပြတ် ဆောင်ရွက် ပေးနိုင်ခြင်းဖြင့် စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်စေမည့် အထိရောက်ဆုံး နည်းလမ်းများအား ရှာဖွေနိုင်ရေးအတွက် နေပြည်တော်ကောင်စီ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ စီးပွားရေး လုပ်ငန်းရှင်ကြီး အားလုံး ပူးပေါင်းဆောင်ရွက် သွားရမှာဖြစ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်းနှင့် ဦးမြင့်စိုးတို့သည် မွန်းလွဲ(၂)နာရီခွဲတွင် တပ်ကုန်း မြို့နယ် ကန်ကြီးကျေးရွာ မွေးမြူရေးဇုန်ရှိ ဖန်ဟွ နို့စားနွားမွေးမြူရေးခြံသို့ သွားရောက်ပြီး ကြည့်ရှုစစ်ဆေးရာ နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကျော်က နေပြည်တော်ရှိ မွေးမြူရေးဇုန်များတွင် တိရိစ္ဆာန်များ မွေးမြူထားရှိမှုများ နို့ပေါင်းစက်၊ အခြေပြုနို့စား နွားမွေးမြူရေးနှင့် နို့ပေါင်း စက်လည်ပတ်မှုအခြေအနေများ၊ ဖန်ဟွ နို့စားနွားမွေးမြူရေးခြံ၏ နို့ထုတ်လုပ်မှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မွေးမြူရေးခြံအတွင်း နို့စားနွားများမွေးမြူထားရှိမှု နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်နေမှုများကို လှည့်လည်ကြည့်ရှုရာ ဖန်ဟွ နို့စားနွားမွေးမြူရေးခြံ တာဝန်ခံ ဦးတွမ်ခင်ဝင်းက နို့စားနွားများ မွေးမြူရေးထားရှိမှုနှင့် ဒိန်ချဉ်နှင့် နို့ထုတ်လုပ်မှုအခြေအနေများကို မွေးမြူရေးခြံအတွင်း လိုက်လံရှင်းလင်းပြသရာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)