ရန်ကုန် ဧပြီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် နိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က အင်းစိန်မြို့နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံခဲ့ကြောင်း သိရသည်။
ထိုးနှံပေးရာတွင် အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယမြို့နယ်ကျန်းမာရေးမှူး (စီမံ/ဘဏ္ဍာ)မှ ဒေါက်တာ မိုးမိုးမြင့်နှင့်ဝန်ထမ်းများက မတ်လ(၉)ရက်နေ့မှစတင်၍ နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၃)နာရီအထိ လူဦးရေအကန့်အသတ်မရှိ ထိုးနှံပေးလျက်ရှိရာ လာရောက် ထိုးနှံသူများအား ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာများကို အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများကို ဝေငှခဲ့ပြီး အင်းစိန်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူ စုစုပေါင်း(၃၀၀၀) ဦးခန့်ကို ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်လုံးကို လူ(၁၀)ဦးအထိ ထိုးနှံ ပေးလျက်ရှိပြီး ပထမအကြိမ်ထိုးနှံပြီးသူများသည် ဒုတိယအကြိမ်အဖြစ် ထိုးပြီး(၂၈)ရက် အကြာ တွင် ထပ်မံထိုးနှံရ မည်ဖြစ်ပြီး အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)