ကျောက်တန်း ဧပြီ ၂၃
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး စားဝတ်နေရေး အတွက် တစ်ဘက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိစေရန်ရည်ရွယ်၍ ကျေးရွာများအရောက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယမန်နေ့နံနက် ၁၀ နာရီ က မြကိုင်းကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပလပ်စတစ်ခြင်းယက် သင်တန်း ဖွင့်ပွဲအခမ်းအနား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီး အရာရှိ ဒေါ်စန်းစန်းအေးက အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းနည်းပြဆရာမ ဒေါ်စမ်းစမ်းနွဲ့က သင်တန်းနှင့် ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းများကို သင်တန်းသားများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် သင်တန်းသူ (၂၀) ဦး တက်ရောက်သင်ကြားပြီး ပလပ်စတစ်ကြိုးဖြင့် ခြင်းယက်နည်းပုံစံအမျိုးမျိုးကို စာတွေ့လက်တွေ့ (၃) ရက်ကြာ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)