တောင်ကြီး ဧပြီ ၂၃
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့နှင့် တိုင်းစီယမ်ကုမ္ပဏီနှင့် ချစ်ကြည်ရေးကုမ္ပဏီလီမိတက်တို့ အကြား တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက တိုင်းစီယမ်ကုမ္ပဏီသည် လင်းခေးခရိုင်၊ ဟိုမိန်းမြို့အတွင်းရှိ RCSS ၏ ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းဒေသအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့်ကိစ္စကို လာရောက်ရှင်းလင်းသည့်အတွက် မိမိတို့အနေဖြင့် လက်ကမ်းကြိုဆိုပါကြောင်း၊ နိုင်ငံတော်၏ လမ်းညွှန်ချက်တွင် ရှေ့ဆက်မည့် လုပ်ငန်းစဉ်၌ လျှပ်စစ်ကဏ္ဍ၊ လမ်းပန်း၊ ဆက်သွယ်ရေး၊ လူ့စွမ်းအားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် (၄)ရပ်ကို ဦးစားပေးဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၏ မှာကြားချက်ဖြစ်ကြောင်း၊ လျှပ်စစ်ကဏ္ဍတွင် တိုင်းစီယမ်ကုမ္ပဏီမှ တာဝန်ယူဖြန့်ချီပေးမည်ဖြစ်သည့်အတွက် ရှမ်းပြည်နယ်အနေဖြင့် ဂုဏ်ယူလက်ကမ်းကြိုဆိုပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များသည် ကျေးလက်ဒေသနှင့် မြို့ပြကွာဟမှုမရှိစေရန် နိုင်ငံတော်အကြီးအကဲများမှ မှာကြားလိုက်ကြောင်း၊ လွယ်တိုင်းလျဲန်း ဒေသတွင် လျှပ်စစ်ဓာတ်အားရရှိပါက ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်ဒေသသည် တည်ငြိမ်အေးချမ်းပါက ဒီထက်မက ပိုမိုသွားလာရေးလွယ်ကူပြီး ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်ရှိ အဖွဲ့အစည်းများကို ကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့တိုင်းစီယမ်ကုမ္ပဏီမှ လာရောက်ရှင်းပြသည့်အတွက် ကျေးဇူးတင်ရှိပါ ကြောင်း၊ လွိုင်တိုင်းလျဲန်းဒေသသည် ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သည်များရှိပါက အမြန်ဆုံးတင်ပြရန် နှင့် မိမိတို့အနေဖြင့် အမြန်ဆုံးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အားလုံးက ဒေသလိုအပ်ချက်များကို ဆောင်ရွက်မည်ဖြစ်သည့်အတွက် ပူးပေါင်းပါဝင်ပေးကြရန်နှင့် RCSS အနေဖြင့် ရှမ်းပြည်နယ်ပြန်လည်ထူထောင် ရေးတွင် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပူးပေါင်း၍ လာရောက်ဆွေးနွေးပေးကြရန် ရှမ်းပြည်နယ်သည် မကြာမီဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် လွယ်တိုင်းလျဲန်းအဖွဲ့များလည်း ပူးပေါင်းပါဝင်ပေးကြရန် ပြော ကြားသွားသည်။
ဆက်လက်၍ တိုင်းစီယမ်ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက လင်းခေးခရိုင် ဟိုမိန်းမြို့အတွင်းရှိ ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကော်မတီ(RCSS)၏ ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းဒေသအတွင်း လျှပ်စစ်ဓာတ်အားကို သက်သာသည့်နှုန်းထားဖြင့် ဖြန့်ဖြူးပေးမည့်အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ချစ်ကြည်ရေးကုမ္ပဏီ လီမိတက် တာဝန်ခံ ဦးကျော်ထွန်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံနှင့် ချင်းရွှေဟော်မြို့ကြား အထူးစီးပွားရေးဒေသ ဖော်ထုတ်ခြင်းစီမံကိန်း ဆက်လက်ဆောင်ရွက်မည့် အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)