အမ်း ဧပြီ ၂၃ ရခိုင်ပြည်နယ် အမ်းမြို့နယ်၌ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ နေရပ်ပြန် အိမ်ထောင်စုပြည်သူများအတွက် ငွေနှင့်ရိက္ခာဆန်များ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ နေရပ်ပြန်ပြည်သူများ ထောက်ပံ့ပေးအပ်ရာတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်းဦးစီး ဗိုလ်မှူးကြီးကျော်ကျော်သန်းမှ အဖွင့်အမှာစကားနှင့်အတူ ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်မှ မြို့နယ်၌ နေရပ်ပြန်မည့်သူများအတွက် ထောက်ပံ့ပေးအပ်မည့်အစီအစဉ်များ၊ ဆောင်ရွက်ထားရှိသည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ကိုယ်စားလှယ်တို့မှ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ထောက်ပံ့သော နေရပ်ပြန်မည့် အိမ်ထောင်စု ၁၂၄ စု၊ လူဦးရေ ၄၂၀ ဦးတို့အတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၅ သိန်းနှုန်းဖြင့် အိမ်ထောင်စု ၁၂၄ စုအတွက်စုစုပေါင်းငွေကျပ်သိန်း (၆၂၀) ကျပ် လူတစ်ဦး ဆန် ၂ ဘူးနှုန်းဖြင့် လူဦးရေ (၄၂၀) ဦး တစ်လစာရိက္ခာ ဆန် ၁၃၁ အိတ်တို့အား ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ထောက်ပံ့ပေးအပ်မှု အခမ်းအနားသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးနှင့် တပ်မတော်အရာရှိများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နေရပ်ပြန်ပြည်သူများ တက်ရောက်ကြောင်း သိရသည်။