မွန်ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ သက်မွေးပညာသင်ကျောင်းများနှင့် အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မော်လမြိုင်     ဧပြီ     ၂၃

မွန်ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ သက်မွေးပညာသင်ကျောင်းများနှင့် အခြေခံ ပညာကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက မော်လမြိုင်မြို့ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အောင်ဆန်းခန်းမတွင် ကျင်းပ သည်။

အစည်းအဝေးတွင် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက  တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ သက်မွေး ပညာသင်ကျောင်းများနှင့် အခြေခံပညာကျောင်းများကို မေလအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျာထား ပါကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်ချက်များကို မွန်ပြည်နယ် စီမံအုပ်ချုပ်ကောင်စီ ကနေပြီးတော့ စီမံဖြည့်ဆည်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊  လုံလောက်မှုမရှိဘူးဆိုပါက ဝန်ကြီးဌာနနှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ပေး ဖို့အတွက် အဓိကထားပြီးတော့ ဒီနေ့ အစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ ဒီနေ့အစည်းအဝေးတွင် ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ အချက်အလက်များနှင့် လိုအပ်ချက် များကို အဓိကထားပြီး ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ သက်မွေး ပညာသင်ကျောင်းများနှင့် အခြေခံပညာကျောင်းများမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ် ကြီးများက ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင် ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများက တင်ပြချက်များအပေါ် အထွေထွေ ဆွေးနွေး တင်ပြကြရာ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၌ ၂၀၁၉- ၂၀၂၀ ပညာသင်နှစ်တွင် ဖွင့်လှစ်ခဲ့သည့် နောက်ဆုံးနှစ်သင်တန်းများ၊ မဟာဘွဲ့ (ရေးဖြေ) သင်တန်းများ၊ အစိုးရနည်းပညာကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံများရှိ A.G.T.I (၃) နှစ် ဒီပလိုမာသင်တန်းများ၏ နောက်ဆုံးနှစ်ဖြစ်သည့် တတိယနှစ်သင်တန်းများနှင့် အစိုးရ နည်းပညာအထက်တန်းကျောင်းများ၏ နောက်ဆုံးနှစ်ဖြစ်သည့် ဒုတိယနှစ်သင်တန်းများအား ၂၀၂၁ ခုနှစ် မေလတွင်ဖွင့်လှစ်နိုင်ရေးနှင့်  အခြေခံပညာကျောင်းများအား မကြာမီ ပြန်လည် ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အင်အားအပြည့် ကျောင်းပြန်လည်တက်ရောက် ပညာသင် ယူနိုင်ရေးနှင့် ဆရာ၊ ဆရာမများကလည်း အင်တိုက်အားတိုက် သင်ကြားပေးနိုင်ရေး ကိစ္စရပ် များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

 ဝေလင်းအောင်