နေပြည်တော် ဧပြီ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးစဉ်ဒေသ မြှင့်တင်ရေးနှင့် ခရီးစဉ်နေရာများ သန့်ရှင်းသာယာလှပရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစည်းအဝေးအမှတ်စဉ်(၇/၂၀၂၁)၏ အစည်းအဝေးဆုံးဖြတ်ချက်အရ နေပြည်တော် အား စည်ကား အောင်ပြုလုပ်၍ ဧည့်သည်များလာရောက်သည့် ဗဟိုပြုနေရာဖြစ်အောင်ဆောင်ရွက်ရန် ဆုံးဖြတ်ချက်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမတိုင်မီနှင့် ဖြစ်ပွားနေဆဲကာလများမှာ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများ အနေဖြင့် စီးပွားရေးထိခိုက်နစ်နာမှုများရှိခဲ့ပြီး ဆက်စပ်အသက် မွေးဝမ်းကျောင်းပြု နေသူများအနေဖြင့် အခက် အခဲများရင်ဆိုင်ကြုံတွေ့နေရသဖြင့် ခရီးသွားလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေးကြိုးပမ်း ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ နေပြည်တော်အတွင်း အပန်းဖြေလည်ပတ်နိုင်သည့် ခရီးစဉ်နေရာ(၃၀)ခန့်ရှိပြီး အဆိုပါနေရာများ အပြင် လူထုအခြေပြု ခရီးသွားလုပ်ငန်းများအဖြစ် ခရီးစဉ်နေရာများကိုလည်း ဖော်ဆောင်နေလျက်ရှိပါကြောင်း၊ ခရီးစဉ်နေရာများသို့ ခရီးသွားများ ပိုမိုလည်ပတ်နိုင်ရေးအတွက် သန့်ရှင်းသာယာလှပရေးတို့ကို သက်ဆိုင်ရာ ဌာန ဆိုင်ရာများက ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသတွင်းနှင့် ဒေသပြင်ပမှ ပြည်သူ များ စိတ်ချမ်းသာစွာ အပန်းဖြေလည်ပတ်နိုင်စေရန်နှင့် ခရီးသွား လုပ်ငန်းများကို ယခင်ကဲ့သို့ လည်ပတ်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ ခရီးသွားလုပ်ငန်းသည် ရေတိုရေရှည်လုပ်ငန်း ဖြစ်သည့်အတွက် စီမံချက်များချမှတ်ပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း နှင့် ဦးမြင့်စိုး တို့က နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးစဉ်ဒေသ မြှင့်တင်ရေး နှင့် ခရီးစဉ် နေရာများ သန့်ရှင်းသာယာလှပရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက်တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် အပန်းဖြေစခန်းတာဝန်ခံများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ က တင်ပြချက်များ အပေါ်ပြန်လည် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။
(ထွန်းထွန်းဝင်း)ခရိုင်ပြန်/ဆက်