မိတ္ထီလာမြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာလေးရွာမှ ဘုန်းတော်ကြီး ကျောင်းများနှင့် YGW ပရဟိတကျောင်းတို့ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

မိတ္ထီလာ ဧပြီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေ လိုအပ်လျက်ရှိသော ကျေးရွာ လေးရွာမှ ဘုန်းတော်ကြီးကျောင်းများနှင့် YGW ပရဟိတကျောင်းတို့ ယမန်နေ့နံနက်က သောက်သုံးရေများ သွားရောက်ဖြန့်ဝေ လှူဒါန်းခဲ့ကြောင်း သိရသည်။

မိတ္ထီလာခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်ဆန်း၏ ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနမှ သန္ဓေတပ်ဖွဲ့ဝင်များက မြို့နယ် အတွင်းရှိ ကျေးရွာများနှင့် ၎င်းကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများတွင် သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်လာပါက သောက်သုံးရေများကို မီးသတ်ရေသယ်ယာဉ်များဖြင့် သွားရောက်ဖြန့်ဝေ လှူဒါန်းလျက်ရှိသည်။

ထိုသို့ ဖြန့်ဝေလှူဒါန်းလျက်ရှိရာမှ ဖက်တောကျေးရွာ၊ ကြာပေါက်ကျေးရွာ၊ ကျီကုန်းကျေးရွာနှင့် တောင်ပုလုကျေးရွာ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များ သောက်သုံးရေ အဆင်ပြေစေရေး အတွက် မီးသတ်ဦးစီးဌာနမှ သန္ဓေတပ်ဖွဲ့ဝင်များက ဂါလံ ၁၆၀၀ ဆံ့ မီးသတ်ရေသယ်ဖြင့် သောက်သုံးရေများ သွားရောက်ဖြန့်ဝေ လှူဒါန်းပေးခဲ့သည်။

ထို့အပြင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် ၃၀၆ ရှိ YGW ပရဟိတကျောင်းအား မီးသတ်ရေသယ်ယာဉ်ဖြင့် သောက်သုံးရေ ဂါလံ ၃၂၀၀ အား သွားရောက်ဖြန့်ဝေ လှူဒါန်းပေးခဲ့ကြောင်း ခရိုင်မီးသတ် ဦးစီးမှူး ဦးကျော်ဆန်းထံမှ သိရသည်။

သိန်းမြင့်ကျော်ခရိုင်(ပြန်/ဆက်)