မိုင်းယု ဧပြီ ၂၂
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် မြို့မရပ်ကွက် ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက်အတွင်း နှစ်ထပ်ဆွမ်းစားဆောင်ဆောက်လုပ်ရန်အတွက် ယမန်နေ့က ပြည်သူများမှ အလှူငွေများ ဆက်လက်လှူဒါန်းလျက်ရှိသည်။
အဆိုပါ မိုင်းယုမြို့မရပ်ကွက် ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရ သီတင်းသုံးတော်မူသည့် ကျောင်းတိုက်အတွင်း သံဃာတော်များနှင့် ရှင်သာမဏေများမှာ နေ့စဉ် လွယ်လင့် တကူ ဆွမ်းဘုန်းပေးနိုင်ရန်အတွက် သီးသန့်ဆွမ်းစားဆောင်ဆောက်လုပ်နေလျက်ရှိရာ ယင်းကျောင်းဆောင် ဆောက်လုပ်ရန်၊ ကျောင်းဆောင်အမိုး မိုးရန်အတွက် မိုင်းယုမြို့ ဦးစိုင်းလောင်းနှင့် ဇနီး(လက်ဖက်ရည်နှင့်ကွမ်းယာဆိုင်)မိသားစုနှင့် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းကိုင်(၄) ဦးကျော်ကျော်နိုင်နှင့်ဇနီး(မိသားစု)တို့မှစုပေါင်း၍ အလှူတော်ငွေ ကျပ်သိန်း( ၃၅ )တို့ကို ဆက်ကပ်လှူဒါန်းခဲ့ရာ ဆရာတော်က လက်ခံရယူခဲ့ပြီး ဩဝါဒစကားများ ပြန်လည်မိန့်ကြားတော်မူခဲ့သည်။
ဆရာတော်၏ ကျောင်းတိုက်အတွင်း လိုအပ်ချက်များအား အလှူရေစက်လက်မနှေးပဲ မည်သည့်အချိန်တွင် မဆို ဒေသခံပြည်သူများက အလှူငွေများနှင့် လုပ်အားဒါနများကို သွားရောက်လှူဒါန်းကာ ကိုယ်တိုင်ပါဝင်ကုသိုလ်ပြုကြသည့် မိုင်းယုမြို့ ဒေသခံပြည်သူတို့၏ အထူးအလေးအမြတ်ထား ကိုးကွယ်ဆည်းကပ်တော်မူသည် ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတစ်ကျောင်းဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)