မူဆယ် ဧပြီ ၂၂
မူဆယ်၊ ၁၀၅မိုင် ကုန်သွယ်ရေးဇုန်အတွင်းမှ သစ်သီးဝလံ ကုန်စည်ဒိုင်များတွင် မြန်မာ့ပို့ကုန် တစ်ခုဖြစ်သော ဖရဲသီးတင်ဆောင်လာသော မော်တော်ယာဉ်များသည် တရုတ်နိုင်ငံသို့ တင်ပို့ခွင့် မရဘဲ ဧပြီလ ၂၁ ရက်နေ့၌ ပိတ်မိလျက်ရှိကြောင်းနှင့် အချို့မော်တော်ယာဉ်များသည် အရှုံးခံ၍ ပြန်လည်ထွက်ခွာ လျက်ရှိကြောင်း သိရသည်။
မူဆယ်မြို့ရှိ နှစ်နိုင်ငံနယ်စပ်ဒေသကုန်စည်ပို့ဆောင်ရေး အဝယ်ဒိုင်များတွင် မြန်မာနိုင်ငံထွက် ဖရဲသီး အပါအဝင် သစ်သီးဝလံများကို နှစ်စဉ်တင်ပို့ရောင်းချလျက်ရှိရာ တရုတ်နိုင်ငံ၊ ယူနန်ပြည် နယ်၊ ရွှေလီမြို့အတွင်း COVID-19ရောဂါကူးစက်ပြန့်ပွားလျက်ရှိရာ ကြိုတင်ကာကွယ်တားဆီးသည့်အနေဖြင့် မြန်မာနိုင်ငံမှ သယ်ဆောင်တင်ပို့သော ပို့ကုန်ကားကို မောင်းနှင်ပေးမည့် ခေါက်တို ယာဉ်မောင်းအား ဆေးစစ်ရန်အတွက် ကုန်ကျစရိတ်ယွမ်(၁၈၀၀) (မြန်မာကျပ်ငွေ လေးသိန်းနီးပါး ခန့်) ကုန်ကျမည်ဖြစ်ကြောင်းနှင့် အဆိုပါကုန်ကျစရိတ်အား မြန်မာနိုင်ငံမှ ပို့ကုန်ပိုင်ရှင်က ကျခံရ မည်ဖြစ်ကြောင်း အသိပေးကြေညာချက်ကို ဧပြီလ(၁၉)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ရာမှ မြန်မာ့ဖရဲသီးတင် မော်တော်ယာဉ်များ၏ ပိုင်ရှင်ကုန်သည်များက ပို့ကုန်များ တင်သွင်းမှု ရပ်တန့် သွားခဲ့ခြင်းဖြစ်သည်။
ယာဉ်မောင်းများသည် သစ်သီးကုန်သည်များထံမှ မော်တော်ယာဉ်စင်းလုံးပြတ် ငှားခအတွက် အခကြေးငွေ တစ်ဝက်ရရှိခြင်း၊ အချို့မှာ မည်သည့် အခကြေးငွေမှ မရရှိသေးဘဲ ရက်အတန်ကြာအောင် မော်တော်ယာဉ် တန်းစီနေရခြင်း၊ သစ်သီးဝလံကုန်စည်ဒိုင်များသို့ ရောက်ရှိ သော်လည်း အရောင်းအဝယ် မဖြစ်ခြင်းတို့အပြင် နေထိုင်စားသောက်ရေးများ ခက်ခဲခြင်းတို့ကြောင့် ရောင်းဝယ်မှုတန့်သလို ရက်ကြန့်ကြာ နေသည့် စံမမှီနွမ်းနေသည့်ဖရဲသီးများကို မူဆယ်-၁၀၅မိုင် ပြည်ထောင်စုလမ်းမကြီးဘေး တစ်လျှောက်တွင် စွန့်ပစ်ခြင်း၊ သွန်ပစ်ခြင်းများပြုလုပ်ကြောင်း၊ စံမှီသော်လည်း ရောင်းချမရသည့် ဖရဲသီးများကို ကုန်သွယ်ရေးဇုံအနီးရှိ ပြည်သူများ၊ မူဆယ်မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ပြည်သူများအား လိုက်လံ ဝေငှပေးလျက်ရှိကြောင်း သိရသည်။
အယ်လ်စိုး(ပြန်/ဆက်)