ကျောက်ဆည်မြို့နယ်အတွင်းရှိ ဆောင်းနေကြာစိုက်တောင်သူများ ထွက်နှုန်းကောင်းပြီး နေကြာဆီဈေးကောင်းသဖြင့် အဆင်ပြေလျက်ရှိ

ကျောက်ဆည်   ဧပြီ    ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ဆောင်းနေကြာစိုက်ပျိုးသော တောင်သူများအနေဖြင့် ထွက်နှုန်းကောင်းပြီး ယခုအခါ နေကြာဆီဈေးကောင်းသဖြင့် နေကြာစိုက်တောင်သူများ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

နေကြာစိုက်တောင်သူများသည် မိုးဦးကာလနှင့် မိုးနှောင်းကာလတွင် စိုက်ပျိုးကြကြောင်း သိရှိရကာ မိုးရာသီစိုက်ပျိုးသည့်နေကြာသည် ဆောင်းရာသီစိုက်နေကြာထက် အထွက်နှုန်းပိုကြောင်း၊ မိုးနေကြာကောင်းပါက တစ်ဧက(၂၅)တင်းခန့်ထွက်ရှိပြီး ဆောင်းနေကြာဆိုပါက တစ်ဧက(၁၅) တင်းကျော်ထွက် ရှိကြောင်း နေကြာစိုက် တောင်သူတစ်ဦးက ပြောပြသည်။

“မြေဧကများတော့ တောင်သူလုပ်တဲ့အခါ လူငှားရတာ အဆင်မပြေတာတွေ ရှိတယ် ဒါကြောင့် အလုပ်သမား များများမသုံးရတဲ့ သီးနှံဖြစ်တဲ့ နေကြာကို ရွေးပြီးစိုက်ပျိုးတာပါ မြေတွေက နှုန်းမြေဖြစ်တာကြောင့် တစ်ဧက(၁၆)တင်းထွက်ရှိပါတယ် တစ်တင်းရောင်းရ ဈေးကတော့ (၁၂၀၀၀)ကျပ် ရောင်းရပါတယ် ဆီကြိတ်မယ်ဆိုရင်တော့ (၂)ပိသာခွဲ၊ (၃)ပိသာရပြီး  ဆီတစ်ပိသာ (၆၀၀၀)ကျပ် ရောင်းရပါတယ်” ဟု သံရွာကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာမှ နေကြာစိုက်တောင်သူ ဦးဇော်က ပြောသည်။

နေကြာသည် ရေနည်းသီးနှံဖြစ်ကာ မြေရွေးသည့် သီးနှံတစ်မျိုးဖြစ်သောကြောင့် နေကြာကြိုက်သည့် မြေတွင်စိုက်ပျိုးပါကထွက်နှုန်းကောင်းပြီး ဆီထွက်သီးနှံဖြစ်သည့်အတွက် တောင်သူများအတွက် အကျိုးအမြတ် ရှိသော သီးနှံတစ်မျိုး ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)