ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် (၃၈)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ဒေသန္တရလက်လုပ် အသံဗုံး (၁)လုံးဖြင့် ပစ်ပေါက်မှုဖြစ်ပွား

ဒဂုံမြောက် ဧပြီ ၂၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊(၃၈)ရပ်ကွက်၊ အုပ်လှငယ်လမ်းနှင့် ဗညားနွဲ့ လမ်းထောင့်ရှိ၊(၃၈) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ဧပြီ ၂၀ ရက်နေ့ နံနက် (၁၀၃၀)မှ (၁၀၄၅) အချိန်ခန့်တွင် အမည်မသိ လူငယ်(၃)ဉီးမှ ဆိုက်ကယ်ဖြင့် ရောက်ရှိလာပြီး ရုံးအပြင်ဘက် ခြံစည်းရိုးနား ဒေသန္တရ လက်လုပ်အသံဗုံး (၁)လုံး ဖြင့် ပစ်ပေါက်ခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ (၃၈) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၏ အမိုး/ မျက်နှာကြပ် အနည်းငယ် ပေါက်ပြဲပျက်စီးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုနေရာသို့ အမှတ်(၄) စစ်နယ်မြေမှူးနှင့် မြို့နယ် ရဲတပ်ဖွဲ့တို့မှ ဦးစီး၍ သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ရာ (၃၈)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ရုံးစောင့်/ ဝန်ထမ်းများမရှိကြောင်း၊ အဆိုပါ ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်းနှင့် အသံဗုံးပေါက်ကွဲမှုမှ အမည်မသိ လူငယ်(၃) ဦးအား စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရှိရသည်။

ပပ(ဒဂုံမြောက်)