တပ်ကုန်းမြို့၌ မြန်မာ့သိုင်းအခြေခံသင်တန်းဖွင့်လှစ်

 

တပ်ကုန်း  ဧပြီ  ၂၁

နေပြည်တော်တပ်ကုန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော မြန်မာ့သိုင်းအခြေခံ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ရွှေမြို့ကျေးရွာအုပ်စု၊ ရွှေမြို့အရှေ့ကျေးရွာရှိ ရွှေမြို့ကြီးဂိုဏ်းထောက် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွင်ဖွင့်လှစ်သည်။

 ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်မင်းကဒီကနေ့ဖွင့်လှစ်ရတဲ့ မြန်မာ့သိုင်းအခြေခံသင်တန်းကတော့ ကျောင်းသားလူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်ပြီး အားကစားဖြင့် မိမိမြို့နယ်၏ဂုဏ်၊နိုင်ငံ၏ဂုဏ်ကို မြှင့်တင်နိုင်သောထူးချွန် ထက်မြက်တဲ့ ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရေး ရည်ရွယ်ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း” ရှင်းလင်းပြောကြား၍ သင်တန်းဖွင့်လှစ်ပေးသည်။ ထို့နောက် နည်းပြများက မြန်မာ့သိုင်းအလှပြ ကကွက်များဖြင့် ဧည့်ခံဖျော်ဖြေသည်။

 အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦး၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထိုက်ဦး၊ တပ်ကုန်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇော်မင်းနှင့်အဖွဲ့ဝင်များ၊ ဇေယျာသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်များမှ အားကစားမှူးများ၊ ရွှေမြို့ကြီးဂိုဏ်းထောက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းအုပ်ဆရာတော်နှင့် သင်တန်းသား ကျောင်းသား(၅၆)ဦး၊ ကျောင်းသူ(၈၉)ဦး တက်ရောက်၍ သင်တန်းကာလမှာ ဧပြီလ ၂၁ရက်မှ မေလ ၅ရက်နေ့ထိ သင်ကြားမည်ဖြစ်ကြောင်းသိရသည်။

 

တင်စိုးလွင်(ပြန်/ဆက်)