ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကုတင်(၁၀၀)ဆံ့ အမှတ်(၂)တပ်မတော် ဆေးရုံ၌ ကုသမှုခံယူနေသူများအား ကြည့်ရှု့အားပေးပြီး စားသောက်ဖွယ်ရာများ၊ ဆေးနှင့် ဆေးပစ္စည်း များ ထောက်ပံ့လှူဒါန်း

 

ဘားအံ    ဧပြီ     ၂၁

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများအတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ အမှတ်(၂၂) ခြေမြန် တပ်မဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးနေလင်းထွန်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဧပြီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်က တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုကို ဆောင်ရွက်ပေးနေသော ဘားအံမြို့နယ်၊ ကုတင်(၁၀၀)ဆံ့ အမှတ်(၂) တပ်မတော်ဆေးရုံသို့ သွားရောက်၍ ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ၊ ဆေးနှင့်ဆေးပစ္စည်းများကို ထောက်ပံ့လှူဒါန်းခဲ့ကြသည်။

 

ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များသည် ကုတင်(၁၀၀)ဆံ့ အမှတ်(၂) တပ်မတော်ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေသော တပ်မတော်တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မိသားစုဝင်များ၊ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များနှင့် ပတ်ဝန်းကျင် ကျေးရွာဒေသများမှ တက်ရောက်ဆေးကုသမှုခံယူနေသူများ စုစုပေါင်းလူနာ ၁၄၀ ဦးခန့်ကို အဟာရဖြည့်စွက် အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကုတင်(၁၀၀)ဆံ့ အမှတ်(၂) တပ်မတော်ဆေးရုံအတွက် တန်ဖိုးငွေကျပ် (၈၂)သိန်းကျော်ခန့်ရှိ ဆေးနှင့်ဆေးပစ္စည်းများကို ထောက်ပံ့လှူဒါန်းခဲ့ကြသည်။

 

ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်လာပါက အမှတ်(၂)တပ်မတော်ဆေးရုံတွင် အချိန်မရွေး ဆက်သွယ်ဆေးကုသမှု ခံယူနိုင်သကဲ့သို့  သက်ဆိုင်ရာဆေးရုံများမှလည်း လွှဲပြောင်းကုသမှုခံယူနိုင်ပြီး ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်သား ဆရာဝန်များ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့် လူနာများကို ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သောလူနာများကို ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက်ကိုပါ စီမံဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

 

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဧပြီလ ၁၉ ရက်နေ့က ဘဝနတ်ထံ ပျံလွန်တော်မူသွားသော ဘားအံမြို့နယ် မြိုင်သဇင်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဣဿရိယ၏ ဥတုဇရုပ်ကလပ်တော်အား သွားရောက်ဖူးမြော်ညို၍ ဈာပနအလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကာ ဆရာတော် ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား ဧပြီလ ၂၅ ရက်နေ့တွင် နိဗ္ဗာန်ကျောင်းသို့ ပင့်ဆောင်ပူဇော်ထားရှိမည်ဖြစ်ပြီး အန္တိအဂ္ဂိဈာပနသာဓုကီဋ္ဌန အခမ်းအနားကို မေလ ၁၉ ရက်နေ့တွင် တောင်ကလေးကရင်နှစ်သစ်ကူးကွင်း၌ ကျင်းပသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)