ဇမ္ဗူသီရိ ဧပြီ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ တိုက်အမှတ် (၃၃၁၀၂) အနီးရှိ Transformer တွင် ယမန်နေ့၊ ည ၁၀ နာရီ ၁၀ မိနစ် ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မီးလောင်မှုဖြစ်ပွားရာ Transformer အနီးတွင် မီးချစ် (၁) လုံးအား တွေ့ရှိခြင်း၊ Transformer ကို ကာရံထားသည့် သံတံခါးအား ဖျက်ဆီးထားခြင်း၊ Transformer အောက်ခြေတွင် ဆိုင်ကယ်တာယာ (၂) လုံးနှင့် ကားတာယာ(၂)လုံးအား မီးလောင်ကျွမ်း ထားခြင်းတို့ကို တွေ့ရှိရသဖြင့် ရှို့မီးဟုယူဆရကြောင်း၊ မီးလောင်မှုကြောင့် Transformer တွင်တပ်ဆင်ထားသည့် ဘရိတ်ကာ (4P 300) (၁) လုံး၊ ဘရိတ်ကာ (4P 200) (၁) လုံး၊ ကေဘယ်ကြိုး 95 (12 m) (၄) ချောင်းနှင့် ကေဘယ်ကြိုး 185 (28m) (၁) ချောင်းတို့အား မီးကူးစက်လောင်ကျွမ်းခဲ့ရာ ဇမ္ဗူသီရိမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင် (၄) ဦးတို့က DCP 3kg မီးသတ်ဆေးဘူး (၂) ဘူး၊ ဗလသိဒ္ဓိနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ ည ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ် ၈၅၀,၀၀၀ ခန့် (ကျပ်ရှစ်သိန်းငါးသောင်းခန့်) ဆုံးရှုံးပြီး လူနှင့်တိရစ္ဆာန် ဆုံးရှုံးမှုမရှိကြောင်းနှင့် မီးရှို့သူ (စုံစမ်းဆဲ)အား သက်ဆိုင်ရာ အမှတ် (၇) နယ်မြေ ရဲစခန်းမှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)