ကျောက်ပန်းတောင်း ဧပြီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ထန်းတောကြီးကျေးရွာနှင့် ဆည်ပိတ်ကျေးရွာတို့တွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့သော မြေသားမိုးရေ လှောင်ကန်တူးဖော်ခြင်လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်းပြီးစီးသွားပြီဖြစ်ကြောင်းသိရသည်။
အဆိုပါကျေးရွာများတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မြေသားမိုးရေလှောင်ကန် တူးဖော်ခြင်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ထန်းတောကြီးကျေးရွာတွင် (၂၀၀ပေ×၁၀၀ပေ×၇ပေ)မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းကို ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁၁.၀၀၀)သန်းဖြင့်လည်းကောင်း၊ ဆည်ပိတ်ကျေးရွာ မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်း (၁၀၀ပေ×၁၀၀ပေ× ၆ပေ)နှင့် ခြံစည်းရိုးကာရံခြင်း (၅၀၀ပေ×၅ပေ)ကို ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၁၀.၄၀၀)သန်းဖြင့်လည်းကောင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါလုပ်ငန်းများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလလယ်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြေသားမိုးရေလှောင်ကန်များ တူးဖော်ပြီးစီးခဲ့ပြီဖြစ်၍ ထန်းတောကြီးကျေးရွာနှင့် ဆည်ပိတ်ကျေးရွာများရှိ အိမ်ခြေ (၃၁၁)အိမ်၊ အိမ်ထောင်စု(၂၉၁)စုမှ လူဦးရေ(၁၆၅၂)ဦးတို့မှာ လာမည့် မိုးရာသီကာလမှစတင်၍ လိုအပ်လျက်ရှိသည့် သောက်သုံးရေများ ဖူလုံစွာရရှိနိုင် ကြတော့မည် ဖြစ်ကြောင်း မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင်ယုမေထံမှ သိရသည်။
နေအောင်(ပြန်/ဆက်)