ရန်ကုန် ဧပြီ ၂၁
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ နှစ်စဉ် နွေရာသီကာလအတွင်း သောက်သုံးရေကန်များ ခန်းခြောက်လာခြင်းကြောင့် သောက်သုံးရေ ရှားပါးမှု ကြုံတွေ့ဖြစ်ပေါ်လျက် ရှိသော ရပ်ကွက်များနှင့် ကျေးရွာများသို့ သောက်သုံးရေများ ပေးဝေလျက်ရှိရာ ယမန်နေ့ နံနက်က ရေရှားပါးသော သပြေကုန်းကျေးရွာရှိ ဒေသခံပြည်သူများအား ရေသန့်ဘူးများ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါ်န်းရာတွင် မြို့နယ်ပညာရေးနှင့် ကျန်းမာရေးဖောင်ဒေးရှင်း မှ သောက်ရေအတွက် လိုအပ်လျက်ရှိသော သပြေကုန်းကျေးရွာရှိ အိမ်ထောင်စုများသို့ ၂၀ လီတာဆံ့ ရေသန့်ဘူး စုစုပေါင်း ၃၀၀ အား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ထို့အတူ ဧပြီ ၂၁ ရက်နေ့တွင် သောက်ရေသန့်ဘူး ၁၅၀ ကို အဆိုပါကျေးရွာရှိ သောက်သုံးရေလိုအပ်သော အိမ်ထောင်စုများသို့ ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အတူ မြို့နယ်အတွင်း အရေးပေါ် လူနာများ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် လူနာတင်ယာဉ် စက်သုံးဆီ ဝယ်ယူနိုင်ရန် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့သို့ အလှူငွေကျပ် ၂ သိန်း အား လှူဒါန်းခဲ့ကြောင်း သိရသည်။
ဒလမြို့သည် နွေရာသီကာလအတွင်း သောက်သုံးရေရှားပါးမှုကို ၂၀၁၀ ခုနှစ်က စတင်ကြုံတွေ့ခဲ့ရသည်။ ၂၀၁၆ ခုနှစ် ၌ အလ်နီညိုဖြစ်ပြီးနောက် လာနီညို ထပ်မံဖြစ်ပေါ်ခဲ့ရာ နွေရာသီသောက်သုံးရေ ပြတ်လပ်မှုကို ဒေသခံပြည်သူများ ထပ်မံကြုံတွေ့ ခံစားခဲ့ကြရသည်။ တစ်နှစ်ထက် တစ်နှစ် ရာသီဥတုမှာ ပူပြင်းခြောက်သွေ့လာလျက်ရှိသည်။ ပြည်သူများ၏ သောက်သုံးရေအတွက် လိုအပ်မှုမှာလည်း တစ်နှစ်ထက်တစ်နှစ် တိုးလာလျက်ရှိသည်။
မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ နှစ်စဉ် လူဦးရေတိုးပွားလာမှု၊ အနယ်နယ်အရပ်ရပ်မှ ရွှေ့ပြောင်း နေထိုင်ကြသူများနှင့် များပြားလာလျက်ရှိပြီး ရေကို ခပ်ယူသုံးစွဲကြရာတွင် မြေသား ရေကန်များ၌သာ ထားရှိခြင်းဖြစ်ပြီး မိုးရေသိုလှောင်ကန်၊ ရေစုရေကန်များ နည်းပါးခြင်းကြောင့် ရေကို ချွေတာစွာသုံးစွဲကြရသည်။
ဒလမြို့နယ်၌ ရေတွင်းတူးလျှင် ရေချိုမထွက်ဘဲ ရေငန်များသာ ထွက်ရှိသည့် မြို့နယ်တစ်ခု ဖြစ်သည်။ မိုးရာသီတွင် ရေကန်များ၌ ရေကို သိုလှောင်ပြီး ဆောင်းရာသီအကုန် နွေရာသီ ကာလ မိုးဦးမကျမီအထိ ပြန်လည်သုံးစွဲရသောကြောင့် နှစ်စဉ်နှစ်တိုင်း နွေရာသီကာလမှာ ရေကန်များ ခန်းခြောက်ကာ သောက်သုံးရေ ရှားပါးမှုကို ကြုံတွေ့လျက်ရှိပြီး သောက်ရေအတွက် အလှူရှင်များ လိုအပ်လျက်ရှိကြောင်း သိရသည်။
နိုင်လင်းကျော်(ပြန်/ဆက်)