နမ့်စန် ဧပြီ ၂၀
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် (၁၁)နာရီက လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် လင်းခေးခရိုင်ရှိ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်တွေ့ဆုံကြောင်း သိရသည်။
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်းက နိုင်ငံတော်မှပေးအပ်သော တာဝန်အရ ဒေသတွင် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက် နိုင်ရန် လာရောက်ကွင်းဆင်းရခြင်းဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ မလုပ်ရသေးပါက သက်ဆိုင်ရာ အဖွဲ့ဝင်များအားတင်ပြ၍ အမြန်ဆုံး ပြုလုပ်ပေးကြရန်၊ နယ်မြေဒေသအေးချမ်း တည်ငြိမ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များကို တိုင်းစစ်ဌာနချုပ်တိုင်းမှူးများနှင့် ဆောင်ရွက်နေပါကြောင်း၊ ပြည်နယ်/ခရိုင်/မြို့နယ်များတွင်လည်း စီမံအုပ်ချုပ်ရေး အဖွဲ့တွင် ပါဝင်သည့်သက်ဆိုင်ရာ အဖွဲ့များကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်နေပါကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူများက ဆေးမထိုးရသေးသည့်သူများရှိပါက ဆေးထိုးနိုင်ရန် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ဟိုတယ်ခရီးသွားလာနိုင်ရေးအတွက်လည်း ဆောင်ရွက်နေပါကြောင်း၊ မကြာမီအချိန်ကျောင်းများ ပြန်လည်ဖွင့်တော့မည် ဖြစ်၍ စာသင်ကျောင်းများ ဥပဓိကောင်းမွန်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်ပေးကြရန်နှင့် ယခုတွေ့ဆုံ ပွဲကိုပြုလုပ်ပေးကြသည့် တာဝန်ရှိသူများကို ကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့တွေ့ဆုံပွဲတွင် ပြည်နယ်အဆင့် သက်ဆိုင်ရာဌာနများ ပါလာသဖြင့် လုပ်ငန်းနှင့် ပတ်သက်၍ တင်ပြကာ လုပ်ငန်းများ အောင်မြင်နိုင်ရန် ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။
ဆက်လက်၍ လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လင်းခေးခရိုင်နှင့် ပတ်သက်၍ ဒေသဆိုင်ရာလုပ်ငန်း ဆောင်ရွက်မှုအခြေအနေအား ရှင်းလင်း တင်ပြပြီးပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက ရှင်းလင်းကြပြီးပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက နိဂုံးချုပ်အမှာစကားပြောကြားပြီး လင်းခေးခရိုင်နှင့်မြို့ နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များအား ထောက်ပံ့ငွေ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ထောက်ပံ့ငွေများကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူး တို့မှပေးအပ်ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များမှ လက်ခံရယူကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)