ကျောက်တန်း ဧပြီ ၂၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသက်(၆၅)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီမှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်တန်းမြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် အသက်(၆၅)နှစ်နှင့်အထက်ပြည်သူ စုစုပေါင်း( ၃၄၀ )ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးမထိုးမီ ရောဂါစမ်းသပ်ရာနေရာတွင် သွေးပေါင်ချိန်တိုင်းခြင်း၊ အဖျားတိုင်းခြင်းတို့အား ဆောင်ရွက်ပြီးမှ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ရောဂါလက္ခဏာစောင့်ကြည့်ရာနေရာတွင် ဆေးထိုးပြီး ထူးခြားမှု ရှိ/မရှိကို မိနစ် ၃၀ ခန့် စောင့်ကြည့်ခြင်းတို့ကို ဆောင်ရွက် ပေးခဲ့ပြီး ယင်းသို့ ဆောင်ရွက်နေမှုတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဌေးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမို့မို့ခိုင်တို့ကကြီးကြပ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)