ကျောက်ဖြူမြို့၌ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းသစ်ကြီးအား စတင်တည်ဆောက်

ကျောက်ဖြူ ဧပြီ  ၂၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုအစိုးရခွင့်ပြု ရန်ပုံငွေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနတို့မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် သူနာပြုနှင့်သားဖွား သင်တန်း ကျောင်းသစ်ကြီးအား ဇန်နဝါရီလ တတိယအပတ်က စတင်ကာ တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်၏ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှုများအား ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင် ရန်အတွက် စစ်တွေသူနာပြုနှင့် သားဖွားသင်တန်းကျောင်းအပြင် ကျောက်ဖြူသူနာပြုနှင့်သားဖွားသင် တန်းကျောင်း (၁) ကျောင်းကို အသစ်ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေး နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှုဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၌ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၃၉၀၄.၀၉၁) သန်းဖြင့် ပင်မစာသင်ဆောင်နှင့် အုပ်ချုပ်ရေးဆောင် RC (၃) ထပ်ဆောင် (၁) လုံး၊ သင်တန်းသူ အိပ်ဆောင်  RC (၃) ထပ် (၁) လုံး၊ ထမင်းစားဆောင် RC (၃) ထပ်(၁)လုံးနှင့် ထမင်းချက်ဆောင် RC(၁)ထပ် (၁) လုံး အစရှိသောလုပ်ငန်း (၁၁) မျိုးကို တင်ဒါအောင် ကုမ္ပဏီများက ဇန်နဝါရီလ (၂၆) ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း စစ်တွေသူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး  ဒေါ်နုနုဇံထံမှ သိရသည်။

ကျောက်ဖြူမြို့မှ ဒေသခံတစ်ဦးကလည်း “ယခုလိုသူနာပြုနှင့်သားဖွားသင်တန်းကျောင်းကို တည် ဆောက်နေတဲ့အတွက် အထူးပဲဝမ်း သာကြောင်း၊ အရင်ကဆိုရင် သူနာပြုသင်တန်းတက်မည့် ကလေး တွေဟာ စစ်တွေမြို့ကိုပဲ သွားတက်ရတော့ ‌ငွေရေးကြေးရေး အခက်အခဲ၊ စားသောက်ရတဲ့အခက်အခဲ၊ နေစရာနေရာအခက်အခဲ စသဖြင့် အခက်အခက်အခဲတွေ အနဲအများတော့ရှိကြတာပေါ့၊  ဒီကျောင်းကြီး ဆောက်ပြီးသွားရင်တော့ ဒေသခံက ကလေးတွေအပြင် ရခိုင်ပြည်တောင်ပိုင်း နီးစပ်ရာမြို့နယ်တွေက ကလေးတွေပါ ကျောက်ဖြူမြို့မှာပဲ လာတက်ကြမှာဖြစ်လို့ သွားလာရေးကအစ အခက်အခဲများစွာဟာ လျော့နည်းသွားပြီး ပိုမိုအဆင်ပြေလာမယ်” ဟုပြောကြားသည်။

၎င်းသင်တန်းကျောင်းအဆောက်အအုံများ  တည်ဆောက်ပြီးစီးသွားပါက ရခိုင်ပြည်နယ်ရှိ တက္ကသိုလ် ဝင် စာမေးပွဲ အောင်မြင်ပြီး ဖြစ်သည့် အရည်အချင်းရှိကျောင်းသား၊ ကျောင်းသူလူငယ်များထဲမှ စိတ်ပါ ဝင်စားသူများအနေဖြင့် အဆိုပါ သင်တန်းကျောင်းတွင် တက်ရောက်နိုင်မည်ဖြစ်ကာ သင်တန်းပြီးမြောက် အောင်မြင်ပြီးပါကလည်း ရခိုင်ပြည်နယ်ရှိ ပြည်သူလူထု၏ ကျန်းမာရေးပြုစု စောင့်ရှောက်မှုကဏ္ဍတွင် တစ်ဖက်တစ်လမ်းမှ စွမ်းစွမ်းတမံဆောင်ရွက်ပေးနိုင်ခြင်းအားဖြင့် ပြည်သူလူထု၏ ကျန်းမာရေးနှင့်  လူမှုစီးပွားများ ပိုမိုတိုးတက်လာမည်ဖြစ်သည်။ ယင်းနောက် ဒေသခံပြည်သူများအနေဖြင့်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်သည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း