ကျောက်ဖြူမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ

ကျောက်ဖြူ  ဧပြီ ၂၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ယနေ့နံနက် ၈ နာရီက စတင်ကာ ကုတင် ၂၀၀ ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဌာနမှဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာတွင် ကာကွယ်ဆေးတစ်လုံးလျှင် ဝန်ထမ်း ၁၀ နှုန်းဖြင့် ထိုးနှံပေး သွားမည်ဖြစ်ပြီး ဆေးထိုးနှံခြင်းမပြုမီ ဝန်ထမ်းများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်စစ်ဆေးပေးခြင်းနှင့် ပုံမှန် အခြေအနေရှိသူများကိုသာ ဆေးထိုးနှံ ပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။ ယင်းနောက် ဆေးထိုးပြီးသူများအား မိနစ် ၃၀ ကြာ စောင့်ကြည့်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ကျောက်ဖြူမြို့နယ်အတွင်း မတ်လ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကို ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ပထမအကြိမ် ထိုးနှံပေးထားပြီးဖြစ်ကာ  ယနေ့နံနက်ပိုင်းတွင် ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ တစ်နေ့လျှင် နံနက်ပိုင်းတစ်ကြိမ်၊ ညနေပိုင်းတစ်ကြိမ် နှစ်ကြိမ်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဌာနမှ သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း