မိတ္ထီလာ ဧပြီ ၂ဝ
မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့တွင် ယမန်နေ့ညနေ ၄ နာရီခွဲခန့်က လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၁၂ လုံး၊ ဘုန်းကြီးကျောင်း ၄ ကျောင်းနှင့် ဓမ္မာရုံ ၂ ရုံ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး စုစုပေါင်းတန်ဖိုးငွေ နှစ်ဆယ့်နှစ်သိန်းသုံးသောင်းကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် လှည်းပွဲကျေးရွာဘုန်းကြီးကျောင်း၊ သဲတောကျေးရွာ ဘုန်းကြီးကျောင်း၊ လှည်းပွဲကျေးရွာရှိ သွပ်မိုး၊ ထရံကာ၊ တစ်ထပ် လူနေအိမ် ၅ လုံး၊ မြာကျေးရွာအုပ်စု ရေဝေကျေးရွာ ဘုန်းတော်ကြီးကျောင်း အမေချုံဓမ္မာရုံ၊ ဝါးရုံကျေးရွာအုပ်စု ဘိုမိုးကုန်းကျေးရွာရှိ အောင်စွာသိမ်ဘုန်းတော်ကြီးကျောင်း၊ ကန်တောင်ကျေးရွာအုပ်စု မုံပင်ဆည် ကျေးရွာရှိ သွပ်မိုး၊ ထရံကာ၊ တစ်ထပ် လူနေအိမ် ၁ လုံး၊ ကန်ကြီးကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာရှိ သွပ်မိုး၊ ထရံကာ တစ်ထပ် လူနေအိမ် ၁ လုံး၊ ကုက္ကိုကုန်းကျေးရွာအုပ်စု ကုက္ကိုကုန်းကျေးရွာရှိ အောင်ချမ်းသာဘုန်းတော်ကြီးကျောင်းနှင့် သရက်တော ဘုန်းတော်ကြီး ကျောင်း ဓမ္မာရုံ ၊ သဲတောကျေးရွာရှိ သွပ်မိုး၊ ထရံကာ ၊ တစ်ထပ် လူနေအိမ် ၄ လုံး၊ ညောင်ပင်သာ ကျေးရွာရှိ သွပ်မိုး ၊ ထရံကာ၊ တစ်ထပ် လူနေအိမ် ၁ လုံး စုစုပေါင်း လူနေအိမ် ၁၂ လုံး၊ ဘုန်းတော်ကြီးကျောင်း ၄ ကျောင်းနှင့် ဓမ္မာရုံ ၂ ရုံ အဆောက်အအုံများရှိ ခေါင်မိုးများလန်၍ အမိုးသွပ်များပျက်စီးခဲ့ပြီး တန်ဖိုးငွေ စုစုပေါင်းနှစ်ဆယ့်နှစ်သိန်းသုံးသောင်းကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုသဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုများအား ထောက်ပံ့ငွေများ ပေးအပ်နိုင်ရေးအတွက် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ မိတ္ထီလာခရိုင်အတွင်း မိတ္ထီလာ၊ ဝမ်းတွင်းနှင့် သာစည်မြို့နယ်များတွင် ဧပြီလ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ လေပြင်းတိုက်ခတ်မှု သဘာဝဘေးကြောင့်လူနေအိမ် ၄ လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ် ၂ဝ၁ လုံး အမိုးလန်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ ကယ်ဆယ်ရေးပစ္စည်း တန်ဖိုးငွေ ၁၉၇,၆၄၄ ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ ၁၂,၁ဝ၈,၆ဝဝ ကျပ်၊ ဆန်ဖိုးငွေ ၂,ဝ၇ဝ,၆ဝဝ ကျပ်တို့ကို နေအိမ်ပျက်စီးဆုံးရှုံးများတွေ့ကြုံခဲ့ရသော အိမ်ထောင်စု ၂ဝ၅ စုထံသို့ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်သီသီချို ထံက သိရသည်။
ချမ်းသာ ( ခရိုင်ပြန်/ဆက်)