တာချီလိတ် ဧပြီ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂) မှတစ်ဆင့် ထိုင်းနိုင်ငံမှလွှဲပြောင်းပေးလာသော ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများတွင် အမျိုးသား (၃) ဦး၊ အမျိုးသမီး (၂)ဦး စုစုပေါင်း (၅) ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရသည်။
အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံတွင်ပြစ်ဒဏ်ကျခံရပြီး လွှဲပြောင်းပေးလာသော မြန်မာနိုင်ငံသား အမျိုးသား (၃၄) ဦး၊အမျိုးသမီး (၇) ဦး၊ စုစုပေါင်း (၄၁) ဦးကို ထိုင်းတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် မြန်မာ-ထိုင်း ဆက်ဆံရေးအရာရှိ ခရိုင်ရုံးမှ ဦးထွန်းတို့က ယနေ့နံနက် ၉ နာရီခွဲအချိန်၌ ပြန်လည်ပို့ဆောင်ခဲ့ကြရာတွင် မြန်မာတာဝန်ရှိပုဂ္ဂိုလ်များက စနစ်တကျ ပြန်လည်လက်ခံခဲ့ကြပြီး တပ်မတော်ဆေးတပ်ဖွဲ့မှ ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် RDT (Test kit) ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ပိုးကူးစက်ခံထားရသူများကို တွေ့ရှိရခြင်းဖြစ်သည်။
ယနေ့လွှဲပြောင်းပေးလာသူများအားလုံးကို မိုးကုတ်ရိပ်သာတွင် Quarantine (၁၁) ရက်ထားရှိနိုင်ရန် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတကူညီရေးအဖွဲ့များက ကူညီလုပ်ဆောင်ပေးလျက်ရှိပြီး ရောဂါပိုးကူးစက်ခံထားရသူများကို သီးခြားအဆောင်၌ ခွဲထုတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)