ကျောက်ပန်းတောင်းမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံ သင်တန်းဖွင့်ပွဲကျင်းပ

ကျောက်ပန်းတောင်း ဧပြီ   ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီးနောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်ဖြိုးသန္တာအောင်က ဥပဒေရေးရာကိစ္စရပ်များနှင့် စတုတ္ထအကြိမ် ပြုပြင်သည့်ဧည့်စာရင်းဆိုင်ရာဥပဒေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ နံနက်ပိုင်း သင်တန်းပို့ချမှုကို ရပ်နားခဲ့သည်။

မွန်းလွဲပိုင်းတွင် မြို့နယ်ရဲတပ် ဖွဲ့မှူး(ယာယီ)စိုင်းထွန်းကျော် ကလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်သန်းက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာများနှင့်မြို့/ ရွာပြောင်းရွှေ့ ဝင်/ထွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ လည်းကောင်း ဆွေးနွေးပို့ချကြမည် ဖြစ်ကြောင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး(၃)ဦးက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးရုံးများတွင် ထားရှိရမည့် ပုံစံ(၂၇)မျိုး ဖြည့်သွင်းခြင်းနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။

ထို့အတူ ညနေပိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ဦးဆောင်၍ သင်တန်းသားများနှင့် အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးမိုးကိုကို၊ မြို့နယ်ရဲတပ်ဖွဲ့မှူး (ယာယီ)စိုင်းထွန်းကျော်၊ မြို့နယ်လဝကမှူး ဦးမြင့်သန်း၊ ရပ်မိရပ်ဖ ဦးရွှေပိုတို့ တက်ရောက်ကြ၍ သင်တန်းနည်းပြများနှင့်အတူ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး သင်တန်းသား(၈၉)ဦးတက် ရောက်ခဲ့ကြပြီး သင်တန်းကာလမှ(၁)ရက် ဖြစ်ကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)