ကျောက်ဆည် ဧပြီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် မြန်ဆန်၊ မှန်ကန်ပြီး တိကျမှု ရှိစေရေးအတွက် လုပ်ငန်းမွမ်းမံ သင်တန်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးကျော်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးလွင်မောင်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းလွင်၊ မြို့နယ်ဥပဒေအရာရှိ ဦးကျော်သူရထက်နှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချန်ထွန်းတို့က ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းတာဝန်များ၊ ရပ်ကွက်၊ ကျေးရွာများနှင့် သက်ဆိုင်သည့် ပုံစံ(၂၇)မျိုး ဖြည့်သွင်းခြင်းဆိုင်ရာများ၊ အသံချဲ့စက်ဖွင့်ခွင့်ဆိုင်ရာ စည်းကမ်းချက်များ၊ ဧည့်စာရင်း စစ်ဆေးခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာများ၊ ယစ်မျိုးလိုင်စင် အမျိုးအစားများနှင့် စည်းကမ်းချက်များ၊ အခွန်(၄)မျိုးနှင့် ဘိလိယက်ခုံလိုင်စင် လျောက်ထားရာတွင် ပါဝင်ရမည့်အချက်များ၊ လက်နက်ဥပဒေ၊ ပစ်မှုဆိုင်ရာ၊ ဥပဒေဆိုင်ရာ ပုဒ်မ ၁၂၂/၅၀၅-က/ခ အကြောင်းများ၊ ခြေချုပ်နှင့် ခံဝန်ဥပဒေအကြာင်းများ၊ သက်သေ ထွက်ဆိုရာတွင် ဂရုပြုရမည့် အချက်များ၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်း ဆိုင်ရာများ အသီးသီး သင်ကြားပို့ချ ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းသို့ ကျောက်ဆည်မြို့မ (၁၀)ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်စု (၈၇) အုပ်စုမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၉၇)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကို နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ သင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)