မိုင်းယောင်း ဧပြီ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ ကျောင်းထိုင် ဆရာတော်များအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဟိုခုံဘုန်းတော်ကြီး ကျောင်းရှိ သာသနာ့ဗိမ္မာန်တော်၌ ကျင်းပကြောင်း မြို့နယ်သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာနမှ သိရသည်။
ရှေးဦးစွာ နမောတသ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ရ၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသောက မြို့နယ်လုံးဆိုင်ရာ ကျောင်းထိုင် သံဃာတော်များအား ပူဇော်ကန်တော့ပွဲနှင့် စပ်လျဉ်း၍ ဩဝါဒမိန့်ကြားသည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်များထံမှ နှစ်သစ်တရားတော်များ၊ ပရိတ်တရားတော်များ နာကြားကာ ကျောင်းထိုင်ဆရာတော်များအား လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း