တွံတေး ဧပြီ ၁၈
ရန်ကုမ်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် အိုဖိုသုသာန်၌မဇ္ဇျီမဘာသာရေးနှင့် နာရေးကုသိုလ်ပြုအသင်း (တွံတေး) က ဦးဆောင်ကာ (၉)အကြိမ်မြောက် အကျွတ်အလွတ် သံဃာ့ဒါနဆွမ်းကပ်ပွဲနှင့် ပရိတ်တရားတော် နာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေပွဲကို ယနေ့ နံနက် ၉ နာရီက အိုးဖိုသုသာန်ရှိ တန်ဆောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အကျွတ်အလွတ် သံဃာ့ဒါန ဆွမ်းကပ်လှူဒါန်းပွဲနှင့် ရေစက်သွန်းချပွဲသို့ ပင့်သံဃာ့(၅)ပါးအား အများကောင်းမှု ဆွမ်းကပ်ခြင်းနှင့် အခြားလှူဖွယ်ပစ္စည်းများ လောင်လှူကြပြီးနောက် လူမျိုးမရွေး ဘာသာတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ဆွေမျိုးတော်သည်ဖြစ်စေ မတော်သည်ဖြစ်စေ ကုသိုလ်ရှင်များ၏ ကောင်းမှုအစုစုတို့ဖြင့် ကုသိုလ်အမျှပေးဝေမှုတို့ကို မျှော်လင့် စောင့်စားနေကြသော ဒုဂ္ဂတိဘုံသားတို့အား ရည်စူး၍ ကုသိုလ်အမျှပေးဝေခဲ့ကြသည်။
အဆိုပါ သံဃာ့ဒါနဆွမ်းကပ်ပွဲနှင့် တရားနာ ရေစက်သွန်းချ အမျှပေးဝေပွဲသို့ မဇ္ဇျီမဘာသာရေးနှင့် နာရေးကုသိုလ်ပြု အသင်းမှတာဝန်ရှိသူများ၊ အသင်းသားများနှင့် အလှူရှင်များက တက်ရောက်၍ တရားတော်နာပြီး ကုသိုလ်အမျှပေးဝေမှုကို မျှော်လင့်စောင့်စားနေကြသော ဒုဂ္ဂတိဘုံသားတို့ကို အမျှပေးဝေခဲ့ကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)