မိုင်းယုမြို့၌ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် ပဋ္ဌာန်းသိမ်းအောင်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်း ပရိတ် တရားတော် နာကြားခြင်းများပြုလုပ်

မိုင်းယု ဧပြီ ၁၈

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် မြန်မာ့သက္ကရာဇ် ၁၃၈၂ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက်နေ့က (၁၅)ကြိမ်မြောက် ပဋ္ဌာန်းသိမ်းအောင်ပွဲ၊ (၁၉)ကြိမ်မြောက် သက်ကြီး ပူဇော်ပွဲကို မြို့မရပ်ကွက်၊ ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းရှိ ဓမ္မလင်္ကာရ ကျောင်းဆောင်၌ ပြုလုပ်ပြီး အန္တရာယ်ကင်း ပရိတ်တရားတော် နာကြားခြင်းများကို ဒေသတွင်း ဖိတ်ကြား ထားသည့် နေရာများ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပဋ္ဌာန်းပွဲကို တန်ခူးလဆန်း ၅ ရက်နေ့ နံနက်ပိုင်းက မိုင်းယုဒေသတွင်းရှိ မြို့မရပ်ကွက်နှင့် ဆမ်မိန်းကျေးရွာတို့မှ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းတိုက်များရှိ သံဃာတော် အရှင်သူမြတ်များက ယင်းဓမ္မလင်္ကာရကျောင်းဆောင်၌ စတင်ပဋ္ဌာန်းရွတ်ဖတ်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ပဋ္ဌာန်းသိမ်းအောင်ပွဲ အောင်မြင်စွာပြီးမြောက်ခဲ့ပြီး (၁၉)ကြိမ်မြောက် အသက်(၇၅)နှစ်အထက် သက်ကြီး ပူဇော်ပွဲကို ဆက်လက်ကျင်းပခဲ့ကြသည်။

ယင်းသက်ကြီးပူဇော်ပွဲ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခြင်း၊ ဆရာတော် အရှင်သူမြတ်များထံမှ ရှစ်ပါးသီလခံယူဆောက်တည်ခြင်း၊ မေတ္တာပရိတ်တရားတော်များ နာကြားခြင်း၊ အနူမောဒနာဂါထားတော်များ ဖတ်ကြားခြင်းများနှင့် တက်ရောက်လာကြသည့် အလှူရှင် ဥပါတကာများ ဖြစ်ကြသည့် ဌာနဆိုင်ရာများ၊ မြို့ပေါ်နှင့် တပ်ရင်းမိသားစုဝင်များ၊ စေတနာရှင် ပြည်သူများက  ဆရာတော်များထံ လှူဖွယ်ဝတ္ထုတို့အား ဆက်ကပ်လှူဒါန်းခြင်းများ၊ သက်ကြီးဘိုးဘွားများကို အာဟာရမုန့်မျိုးစုံ၊ ဆေးဝါးများနှင့် အလှူငွေများ ပူဇော်ကန်တော့ ခဲ့ကြခြင်းများနှင့် ဆရာတော်မှ တရားတော်များ ပြန်လည်ဟောကြားခြင်းတို့ဖြင့် လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှ ဝေခဲ့ကြသည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် ဆရာတော်အရှင်သူမြတ်များက မြို့အဝင်မုဒ်ဦး၊ အမှတ်(၁၀၀၈) နယ်ခြားတပ်ရင်း၊ နယ်မြေခံရဲစခန်း၊ ဌာနဆိုင်ရာရုံးများနှင့် ကျေးရွာ/ရပ်ကွက်များရှိ အဝင်မုဒ်တို့၌ နှစ်ဟောင်းကုန်၍ နှစ်သစ်ကိုကြိုဆိုသည့် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့၌ နှစ်သစ်ကို စိတ်သစ်ဖြင့် ဖြတ်သန်းနိုင်ရန်၊ လူမှုစီးပွားဖွံ့ဖြိုးလာစေရန်နှင့် ဘေးအန္တရာယ်ခပ်သိမ်း ကင်ဝေးကြစေရန်အတွက် အန္တရာယ်ကင်း ပရိတ်တရားတော်များကို လိုက်လံနာကြား ခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်(မိုင်းယု)