သန်လျင်ကျိုက်ခေါက်စေတီတော်မြတ်၌ နှစ်သစ် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖက်ပူဇော်ပွဲ ကျင်းပ

ရန်ကုန်    ဧပြီ    ၁၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်မြတ်ကြီးတွင် ၁၃၈၃ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖက်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ရှုခင်းသာတန်ဆောင်း၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားအား နမောတသ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး စေတီတော် သြဝါဒါစရိယ ကံသာဓမ္မရိပ်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပရမထံမှ စေတီတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဒုတိယ ရဲမှူးကြီး ကျော်မိုးကြည် (ငြိမ်း)နှင့် ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ဝတ်ရွတ်အသင်းအဖွဲ့များ၊ အလှူရှင်များ၊ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဆရာတော်ကြီးများက နှစ်သစ်အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြပြီး စေတီတော် သြဝါဒါစရိယ ကံသာဓမ္မရိပ်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ပရမထံမှ စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ဝတ်ရွတ် အသင်းအဖွဲ့များ၊ အလှူရှင်များ၊ ဧည့်ပရိသတ်များက လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ တရားတော်များ နာယူခဲ့ကြကာ အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိသတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အလားတူ သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် နှစ်သစ်အန္တရာယ်ကင်း ပရိတ်တရားများရွတ်ဖတ်ခြင်း၊ ဘုရား၊ စေတီ၊ ပုထိုး၊ ကျောင်း၊ ကန်များတွင် ငှက်များ၊ ငါးများလွှတ်ခြင်း၊ တရားစခန်းများ၌ တရားဘာဝနာများအားထုတ်ခြင်းနှင့် ဥပုသ်သီလ ခံယူဆောက်တည်ခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။

IPRD (သန်လျင်)