ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

စစ်တွေ  ဧပြီ ၁၈

မြန်မာသက္ကရာဇ် ၁၃၈၃ - ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ ယမန်နေ့ညနေ ၃ နာရီက အန္တရာယ်ကင်း ပရိတ်တရား ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ရခိုင်ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို ကြွရောက်တော်မူကြသော ဆရာတော်သံဃာတော်များနှင့် ဧည့် ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီး ဖွင့်လှစ်ကြသည်။ ဆက်လက်၍ စစ်တွေမြို့၊ မဏိရတနာကျောင်းတိုက် ပဓာနနာယက ဆရာတော်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသောမထံမှ ရခိုင်ပြည်နယ် စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး အမှူးပြုသော ဧည့်ပရိသတ်များက ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်း ပရိတ် တရားတော်များ ရွတ်ပွားသရဇ္ဇျာယ်ချီးမြှင့်တော်မူကြသည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များ အား လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကြပြီးနောက် ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ စစ်တွေမြို့၊ ဓမ္မသုခကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောမ မဟာထေရ်မြတ်ထံမှ ရေစက်ချတရားနာယူကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေသည်။ ယင်းနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ညနေပိုင်းတွင် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ၊ မင်းသူရိယ ခန်းမ၌လည်း အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူခဲ့ကြကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)