စဉ့်ကိုင် ဧပြီ ၁၈
ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာရှိ အကျဉ်းဦးစီးဌာနတွင် မြန်မာနှစ်ဆန်း (၁)ရက်နေ့ ယမန်နေ့ နံနက် ၁၀ နာရီက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ အမိန့်ဖြင့် အမှတ်(၁)ကုန်ထုတ်စခန်း၊ ချမ်းမြေ့သုခဓမ္မာရုံ၌ နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။
အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အောင်မြင့်သိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးသိန်းလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုးအောင်၊ အကျဉ်းထောင် တာဝန်ခံ လက်ထောက်ညွှန့်ကြားရေးမှူး ဦးစောထွန်း၊ ဦးစီးအရာရှိ ဦးစောမောင်နှင့် တာဝန်ရှိသူများက ကြီးကြပ်၍ အကျဉ်းသားများ အား လုပ်အားခငွေများ ထုတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် အမှတ်(၁)ကုန်ထုတ်စခန်းမှ အကျဉ်းသား (၇၂)ဦး၊ အမှတ်(၂)ကုန်ထုတ်စခန်းမှ အကျဉ်းသား(၇၂)ဦး၊ စုစုပေါင်း အကျဉ်းသား(၁၄၄)ဦး တို့အား လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့ပြီး မော်တော်ယာဉ်များဖြင့် နေရပ်သို့ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းဝင်သန်း(စဉ့်ကိုင်)