ရခိုင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား၊ အကျဉ်းသူ ၁၀၅၀ ဦးလွတ်မြောက်

စစ်တွေ  ဧပြီ  ၁၇

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ရုံး၏ အမိန့်ဖြင့် ရာဇာဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်း ချမ်းသာခွင့်ပေးလိုက်ရာတွင် ရခိုင် ပြည်နယ် အတွင်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား၊ အကျဉ်းသူ ၁၀၅၀ ဦးလွတ်မြောက် ကြောင်းသိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည် ဆောက် နေချိန်တွင် ပြစ်ဒဏ်ကျ အကျဉ်းသား၊ အကျဉ်းသူများမှလည်း တစ်ဖက်တစ် လမ်းမှအကျိုးပြုစေမည့် နိုင်ငံသားများအဖြစ်သို့ ပြောင်းလဲပေးရန် အတွက်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက် ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌသည် အကျဉ်းထောင်၊အချုပ်ထောင်၊ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသောနိုင်ငံသားအကျဉ်းသား၊ အကျဉ်း သူများနှင့် နိုင်ငံခြားသားအကျဉ်းသား၊ အကျဉ်းသူကို ယနေ့တွင်လွတ်ငြိမ်းချမ်း သာ ခွင့်ပေး လျှက်ရှိသည်။

ထို့သို့လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် စစ်တွေ အကျဉ်းထောင်မှ အကျဉ်းသား ၂၅၆ ဦး၊ အကျဉ်းသူ ၂၁ ဦး၊ ဘူးသီးတောင်အကျဉ်းထောင်မှ အကျဉ်းသား ၅၇၁ ဦး၊ အကျဉ်းသူ ၃၃ ဦး၊ ကျောက်ဖြူ အကျဉ်းထောင်မှ အကျဉ်းသား၈၄ ဦး၊ အကျဉ်းသူ တစ်ဦး၊ သံတွဲအကျဉ်းထောင်မှ အကျဉ်းသား၈၂ ဦးနှင့် အကျဉ်းသူနှစ်ဦး စုစုပေါင်း ၁၀၅၀ ဦးလွတ်မြောက်ခဲ့ ကြောင်းသိရသည်။

အဆိုပါလွတ်မြောက်လာသူများအား မိသားစုဝင်များ၊ သူငယ်ချင်းနှင့် မိတ်ဆွေ များက ရင်းနှီး ပျော်ရွှင်စွာကြိုဆိုကြကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံ - တင်ထွန်း(ပြန်/ဆက်)