(၅၇) ကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲကျင်းပ

စစ်တွေ  ဧပြီ  ၁၇

(၅၇) ကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲအခမ်းအနားကို မြန်မာ သက္ကရာဇ် ၁၃၈၃ ခု၊ မြန်မာနှစ်ဆန်းတစ်ရက် ယနေ့နံနက်ပိုင်းက စစ်တွေမြို့ဦးဥတ္တမခန်းမ၌ ကျင်းပ သည်။

ရှေးဦးစွာ မြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲအခမ်းအနားကို ရခိုင်ရိုးရာမင်္ဂလာစည်တော်တီး၍ ဖွင့်လှစ်ပြီး မြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ၊ ဦးစံညွန့်က ဧကပိုဒ်ရတုဖြင့်ရွတ်ဆိုပူဇော်သည်။ ဆက်လက်၍ မြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲကျင်းပရေး ကော်မတီ နာယက ဦးစံသာမောင်က သက်ကြီးပူဇော်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ ဒေါက်တာ အောင်ကျော်မင်းက သက်ကြီးပူဇော်ပွဲနှင့် ပတ်သက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဦးဆောင်ကာ အခမ်းအနားသို့ တက်ရောက်လာကြသူများမှ အဘိုး၊ အဘွားများအား လက်အုပ်ချီမိုး ဦးချပူဇော်ကန်တော့ကြသည်။

ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သက်ကြီးအဘိုး၊ အဘွားများအား မင်္ဂလာရေစင်ဖြင့် ပက်ဖျန်းပူဇော်ကြပြီး လှူဖွယ်ပစ္စည်းများကို လှူဒါန်းကြသည်။ ဆက်လက်၍ မြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲကော်မတီနှင့် အလှူရှင်၊ စေတနာရှင်များက အဘိုး၊ အဘွားများအား အလှူငွေနှင့်လှူဖွယ်ပစ္စည်းများကို လှူဒါန်းကြသည်။ ယင်းနောက် အပူဇော်ခံအဘိုး၊ အဘွားများကိုယ်စား အဘိုးတစ်ဦးမှ ဆုတောင်းမေတ္တာပို့ စကားပြောကြားပြီး မြို့လုံး ကျွတ်သက်ကြီးပူဇော်ပွဲကျင်းပရေးကော်မတီ၊ ယဉ်ကျေးမှုကော်မတီမှ “နန်းဆက်မြိုင်ဆိုင်ပြည်ရခိုင်” ယိမ်းအကဖြင့် ဂါရဝပြုကပြ ဖြေဖျော်ပူဇော်ကြသည်။ ထို့နောက် သက်ကြီးပူဇော်ပွဲကျင်းပရေး ကော်မတီယိမ်းအကအဖွဲ့ဝင်လူငယ်များအား ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်းက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သက်ကြီးပူဇော်ပွဲကျင်းပရေးကော်မတီမှ ယနေ့ခန်းမအတွင်းသို့ လာရောက်အပူဇော်ခံအဘိုး၊ အဘွား ၃၁ ဦးကိုပူဇော်ကြပြီး ရပ်ကွက်အသီးသီးရှိ အဘိုး၊ အဘွားကိုလည်းလှည့်လည် ပူဇော်သွားမည် ဖြစ်သည်။ စစ်တွေမြို့တွင် ရခိုင်ရိုးရာသက်ကြီး ပူဇော်ပွဲကျင်းပရေးကော်မတီမှ အသက် ၈၀ နှင့်အထက် အဘိုး၊ အဘွားများနှင့် အသက်တစ်ရာနှစ်အထက် အဘိုး၊ အဘွား ၇ ဦးအပါအဝင် စုစုပေါင်း ၁၁၂၈ ဦး ကိုပူဇော်ကန်တော့သွားမည်ဖြစ်ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)