ညောင်ဦး ဧပြီ ၁၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ယနေ့ နှစ်ဆန်းတစ်ရက်နေ့ တွင် မြန်မာပြည်အရပ်ရပ်မှ လာရောက်သည့် ဘုရားဖူးပြည်သူများဖြင့် စည်ကားနေကြောင်း ထီးလိုမင်းလိုဘုရား ဂေါပကဥက္ကဋ္ဌ ဦးတင်လှဦးထံက သိရသည်။
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မြန်မာပြည်အရပ်ရပ်မှ လာရောက်သည့် ဘုရားဖူး ဧည့်သည်များသည် သမိုင်းဝင်အထင်ကရ ဘုရားကြီးများနှင့် ဘုရားအစုများတွင် လာရောက် လေ့လာဖူးမြှော်သူ များလျက်ရှိရာ လောကနန္ဒာ စွယ်တော်မြတ်ဘုရား၊ တုရင်တောင်စွယ်တော်ဘုရား၊ ရွှေစည်းခုံစွယ်တော်ဘုရားနှင့် မြစ်အနောက်ဘက် ပခုက္ကူမြို့နယ်ရှိ တန့်ကြည်တောင်စွယ်တော်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ အာနန္ဒာဘုရား၊ သဗ္ဗညုဘုရား၊ ကန်တော့ပလ္လင်၊ ဗူးဘုရား၊ မဟာဗောဓိ၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ ကျောက်ဂူဥမင်၊ ပြဿကြီး၊ ဓမ္မရာဇက၊ မဟာငှက်ပစ်တောင်၊ ရှင်အဇ္ဇဂေါဏ၊ ရင်မနား ဘုရားဝင်း၊ ခေမင်္ဂဘုရားဝင်းနှင့် နဂါးရုံဘုရား၊ စိုးမင်းကြီး အုတ်ကျောင်း၊ တာမဏီသိမ်၊ စိမ်းညှက်ညီ အမဘုရား၊ ကျောက်မျက်မှော် ဘုရားတို့တွင် မြန်မာနှစ်ဆန်တစ်ရက်နေ့ ဘုရားဖူးလာ ရောက်သူများဖြင့် စည်ကား လျက်ရှိကြောင်း သိရသည်။
ပုဂံရေှးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဂေါပကအဖွဲ့ထားရှိသည့် ဘုရား ၁၉ ဆူရှိပြီး အဆိုပါ ဘုရားများတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လမ်းညွှန်ချက်များနှင့်အညီ ဝင်ရောက်ဖူးမြှော်စေပြီး၊ ခရီးစဉ်လာရောက်သည့်ဒေသ၊ ယာဉ်အမှတ်၊ တယ်လီဖုန်းနံပါတ်နှင့် လာရောက်သည့်ဦးရေတို့အား မှတ်တမ်းတင်ထားရှိကြောင်း ညောင်ဦး ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ထံက သိရသည်။
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဘုရား၊ ပုထိုး၊ စေတီ၊ သာသနိက အဆောက်အအုံ ၃၈၀၀ ကျော်ရှိကြောင်းနှင့် နှစ်ဆန်းတစ်ရက်နေ့ ဘုရားဖူးလာရောက်သူ ငါးထောင် ဦးခန့်ရှိကြောင်းလည်း သိရသည်။
ကိုထိန်၊KPD